ဖေဖော်ဝါရီလ ၁၆ ရက်
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အထူးကိုယ်စားလှယ်ကို NLD ပါတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ကို စစ်ကောင်စီက ခွင့်ပြုကြောင်း ဌာနေမီဒီယာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံ ဥက္ကဋ္ဌ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုကြောင်းကို ဌာနေသတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Frash News သို့ ကမ္ဘောဒီးယား တာဝန်ရှိသူ Kao Kim Hourn က ပြောသည်။
အာဆီယံသည် မြန်မာနိုင်ငံ၏ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းအကြီးတန်း သံတမန် Erywan Yusof ကို ပြီးခဲသည့်နှစ်က ခန့်အပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံသို့ သွားရောက်ရသေးခြင်း မရှိသေးပေ။
ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယား၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင် စစ်ကောင်စီက ယခု ဆုံးဖြတ်ချက်ကို ခွင့်ပြုချထားခြင်း ဖြစ်သည်။
Yusof အား NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ကို စစ်ကောင်စီက ခွင့်ပြုသည့် ဆုံးဖြတ်ချက်သည် မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့အကြား ပြီးခဲ့သည့်လက ဗီဒီယို တွေ့ဆုံမှုတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
NLD မှ မည်သည့် အဖွဲ့ဝင်များနှင့် အထူးသံတမန်တို့ တွေ့ဆုံခွင့်ရစေမည်ဆိုခြင်းကို စစ်ကောင်စီ အကြီးအကဲက အတိအကျ မဆိုကြောင်း Kao Kim Hourn က ဖြည့်စွက်ဆိုသည်။
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်းကို တောင်းဆိုမှုများ ရှိနေသည့်ကြား ကမ္ဘောဒီးယားတွင် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရန် ရှိခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုများ ရှိသည်ဆိုကာ ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ဆန္ဒပြသမှုကြီးများ ဖြစ်ပွားပေါ်ပေါက်ကာ စစ်ကောင်စီက အင်အားသုံးပြီး သဘောထားကွဲလွဲသူများကို ဖြိုခွင်းခြင်းများ၌ လူပေါင်း ၁၅၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့အရ သိရသည်။