နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပါကစ္စတန်တွင် အန္တရာမကင်းကြောင်း ဘာလိုချီစတန်မှတိုက်ခိုက်မှုများက ဖော်ပြနေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပါကစ္စတန်တွင် အန္တရာမကင်းကြောင်း ဘာလိုချီစတန်မှတိုက်ခိုက်မှုများက ဖော်ပြနေ

ဝန်ကြီးချုပ် အီမရန်ခန်းက ပါကစ္စတန် နိုင်ငံသည် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ဘေးကင်း စိတ်ချရကြောင်း ကွန်မြူနစ်အစိုးရအား လက်ခံယုံကြည်စေရန် ပြီးခဲ့သည့် သီတင်းပတ်က ပေကျင်း၌ ကြိုးပမ်းနေချိန်တွင် ဘာလိုချီစတန်လွတ်မြောက်ရေးတပ် (BLA ) က ပြည်နယ်အတွင်း၌ ပါကစ္စတန်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုအရှိန်မြှင့်ခဲ့ပြီးဒေသသည် မည်မျှမလုံခြုံကြောင်း ပါကစ္စတန်နှင့်ကမ္ဘာ့နိုင်ငံများအား ရှင်းလင်းပြတ်သားစွာ ပြသလိုက် ခြင်းဖြစ်ကြောင်း Asia Times က ဖော်ပြသည်။

BLA သည် ဂွါဒါဆိပ်ကမ်းအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ပြီး ယင်းတို့က ဒေသ၏ ကြွယ်ဝသောဓာတ်သတ္တုများနှင့် စွမ်းအင်အရင်းအမြစ်များကို နယ်ချဲ့သိမ်းပိုက်ရာတွင် ပါကစ္စတန်စစ်တပ်နှင့် ပေါင်းစည်းသကဲ့သို့ ရှုမြင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က BLA က တပ်စခန်းများကို တိုက်ခိုက်ခြင်းသည် ဆန်းပြားပြီး ရှုပ်ထွေးသည်ဟု အစ္စလမ်မာဘတ်အခြေစိုက် FATA သုတေသနစင်တာ (FRC) ၏ အမှုဆောင်ဒါရိုက်တာ မန်ဆာခန်းမာဆွတ်၏ ပြောကြားချက်ကို ကိုးကား၍ Asia Times ကဖော်ပြခဲ့သည်။

BLA ၏ တိုက်ခိုက်မှုများသည် အဖွဲ့၏ စစ်ရေးစွမ်းရည်များ တိုးမြင့်လာကြောင်းနှင့် တိုးတက်လာသော စွမ်းဆောင်ရည်များကြောင့် လုံခြုံရေးတပ်ဖွဲ့များသည် စခန်းများကို ရှင်းလင်းရန် နာရီ ၅၀ ထက်မနည်း အချိန်ယူခဲ့ရကြောင်း မာဆွတ်က ပြောကြားခဲ့သည်။

"တိုက်ခိုက်မှုတွေက ပါကစ္စတန်ဝန်ကြီးချုပ်တရုတ်နိုင်ငံကို ၄ ရက်ကြာ တရားဝင်ခရီး လာရောက်လည်ပတ်တဲ့အချိန်မှာတရုတ်နဲ့ပါကစ္စတန်ကို သေချာပေါက် သတင်းစကားပါးလိုက်တာပါ။ ဘာလိုချီစတန်ကနေထွက်သွားကြဖို့နဲ့ ပြည်နယ်အတွင်းက CPEC စီမံကိန်းတွေကိုရပ်တန့်ဖို့ နှစ်ဖက်စလုံးကို ပြတ်ပြတ်သားသားသတိပေးလိုက်တာပါ” ဟု မန်ဆာခန်းမာဆွတ်က ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်သည် အီမရန်ခန်း တရုတ်နိုင်ငံသို့လာရောက်လည်ပတ်သည့်အချိန်နှင့် တိုက်ဆိုင်နေသလို အကြမ်းဖက်ခြိမ်းခြောက်မှုများကို ထိန်းချုပ်ပြီး သို့မဟုတ် တားဆီးပြီးဖြစ်ကြောင်း အီမရန်ခန်းက တရုတ်အစိုးရအား အယုံသွင်းရန် ကြိုးပမ်းနေစဉ်တွင် အစိုးရအား အရှက်ရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဆိုင်ရာပါကစ္စတန်အထက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ မူရှာဟစ်ဟူစိန်ဆာအိဒ်က ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အကြီးမားဆုံးသော ဘာလိုချီစတန်တိုက်ခိုက်မှု၌ BLA သည် ဖေဖော်ဝါရီ ၂ ရက်က စတင်၍ ပန်ဂါနှင့်နော့ရှ်ကီ ခရိုင်များရှိ နယ်ခြားစောင့်တပ်များကို နှစ်ကြိမ် သီးခြားစီတိုက်ခိုက်ခဲ့ရာ ပါကစ္စတန်စစ်သားနှင့် အရာရှိ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း BLA မှ ပြီးခဲ့သည့်သီတင်းပတ်က အခိုင်အမာပြောကြားခဲ့သည်။ ထိုဖြစ်ရပ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရန် ပေကျင်းသို့ အီမရန်ခန်းသွားရောက်သည့်အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း Asia Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required