စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းမှု ခရစ်ယာန် အသင်းတော်များ ကောင်စီ ပြန်တောင်းပန်

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းမှု ခရစ်ယာန် အသင်းတော်များ ကောင်စီ ပြန်တောင်းပန်

ဖေဖော်ဝါရီလ ၁၄ ရက်

စစ်ကောင်စီ ကျင်းပမည့် ငြိမ်းချမ်းရေး အကြို ညှိနှိုင်း အစည်းအဝေးနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ခေါ် တိုက်တွန်းခဲ့မှု အပေါ် တောင်းပန်ကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေး အတွက် မေတ္တာရပ်ခံ စာကြောင့် အဖွဲ့ဝင် အသင်းတော်များ၊ ပူးပေါင်း ဆက်သွယ်သော အဖွဲ့အစည်းများ၊ ခရစ်ယာန် ညီအကို မောင်နှမများ များစွာ စိတ်အနှောက်အယှက် ဖြစ်စေသည့်အပြင် စိတ်ထိခိုက် ဝမ်းနည်းစေကြောင်း ကြားသိရသဖြင့် အနှုးအညွတ် တောင်းပန် အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အကြို ညှိနှိုင်း အစည်းအဝေးနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ထုတ်ပြန်ပြီးနောက် ခရစ်ယာန် ဘာသာဝင်များကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး Myanmar Student Christian Movement – Magway Region က ယင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ပြန်လည် တောင်းပန်၍ တာဝန်ရှိသူများ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခြင်း မပြုပါက အသင်းနှင့် ပူးပေါင်းမှုမှ နုတ်ထွက်ကာ MCC က ပြုလုပ်မည့် သင်တန်း အစည်းအဝေးများသို့ ကိုယ်စားလှယ် စေလွှတ်တော့မည် မဟုတ်ကြောင်း Myanmar Student Christian Movement က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန် လုပ်ငန်း ကလည်း ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ၎င်းတို့၏ ရပ်တည်ချက်ဖြင့် ကိုက်ညီခြင်း မရှိသောကြောင့် ကန့်ကွက်ရှုံ့ချကြောင်းနှင့် ပူးပေါင်း လုပ်ကိုင်နေသည့် လုပ်ငန်းများ အကန့်အသတ်မရှိ ရပ်ဆိုင်းကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required