အိန္ဒိယအစိုးရက ပြည်တွင်း ဒရုန်းထုတ်လုပ်မှုကို အားပေးရန် ပြည်ပမှတင်သွင်းမှုများကို ခြွင်းချက်များဖြင့် ကန့်သတ်

အိန္ဒိယအစိုးရက ပြည်တွင်း ဒရုန်းထုတ်လုပ်မှုကို အားပေးရန် ပြည်ပမှတင်သွင်းမှုများကို ခြွင်းချက်များဖြင့် ကန့်သတ်

ပြည်တွင်း၌ ဒရုန်းထုတ်လုပ်မှုများကို အားပေးရန် ပြည်ပမှ တင်သွင်းမှုများအား ခြွင်းချက်များသတ်မှတ်ကာ အိန္ဒိယအစိုးရက ဖေဖော်ဝါရီ ၉ ရက်တွင် ကန့်သတ်လိုက်သည်။

တားမြစ်မှုများတွင် သုတေနသနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် တင်သွင်းမှုများ မပါဝင်သော်လည်း ယင်းကဲ့သို့ တင်သွင်းရာတွင် ထောက်ခံချက်များ ရယူရန် လိုအပ်မည်ဖြစ်သည်။

“သို့သော် ဒရုန်းအစိတ်အပိုင်းပစ္စည်းများ တင်သွင်းရာတွင် ထောက်ခံချက်ရယူရန် မလိုအပ်ပါ” ဟု လေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၉ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

စီးပွားကူးသန်းနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က ပြည်ပမှ ဒရုန်းများတင်သွင်းခွင့်ကို တားမြစ်ကန့်သတ်ခြင်း ထုတ်ပြန်ချက်တွင်လည်း အပြည့်အစုံတပ်ဆင်ပြီးသား ဒရုန်းများကို သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ရည်ရွယ်ချက်များမှလွဲ၍ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရအဖွဲ့အစည်းများ၊ ဗဟိုသို့မဟုတ် ပြည်နယ်အစိုးရက အသိအမှတ်ပြုထားသည့် ပညာရေး အဖွဲ့အစည်းများ၊ အစိုးရက အသိအမှတ်ပြုထားသည့် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနများနှင့် အဆိုပါ လုပ်ငန်းများအတွက် ဒရုန်းထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် အသင့်တပ်ဆင်ထားသည့် ဒရုန်းများကို တင်သွင်းနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ တင်သွင်းရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနက သဘောတူညီချက်ဖြင့် DGFT က တင်သွင်းခွင့်ပေးရန် လိုအပ်သည်။

ယခုကဲ့သို့ တားမြစ်ချက်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ဒရုန်းနှင့် သက်ဆိုင်သည့် နည်းဥပဒေများအရ ဝန်ကြီးဌာနက လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly