ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးနေသည့် လူပုဂ္ဂိုလ်များဆိုင်ရာ ဥပဒေမူကြမ်းသည် ပျောက်ဆုံးသွားဖွယ်ရှိကြောင်းနှင့် အဆိုပါ ကိစ္စသည် အရေးကြီးကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ရှီရင်း မာဇာရီက ဆီးနိတ်လွှတ်တော်တွင် ပြောခဲ့သည်။
အစိုးရအနေဖြင့် ပျောက်ဆုံးနေသူများဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကို ပြင်ဆင်ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်၌ အတည်ပြုခဲ့ကာ ဆီးနိတ် အထက်လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သူမက ပြောသည်။
ပျောက်ဆုံးနေသူများကိစ္စသည် ဒီမိုကရေစီစနစ်တစ်ခုအောက်တွင် သည်းမခံနိုင်စရာ ကိစ္စဖြစ်ကြောင်းလည်း သူမက ဆီးနိတ် ဥက္ကဋ္ဌကို ပြောကြားခဲ့သည်ဟု The News International တွင် ဖော်ပြထားသည်။
အဆိုပါ ပြောဆိုမှုကို ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ ဆာဒစ် ဆန်ဂျ်ရာနီက တုံ့ပြန်ရာတွင် “ဒါက အစိုးရရဲ့ ဥပဒေမူကြမ်းဖြစ်လို့ အစိုးရကပဲ ဒါကို တင်သွင်းနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို မတင်သွင်းနိုင်ပါဘူး။ လွှတ်တော်အမတ်အားလုံးအနေနဲ့ နားလည်မှုလွဲမှားတာတွေကို ဖယ်ထုတ်သင့်ပါတယ်။ တကယ်လို့ ပါလီမန်ရေးရာ ဝန်ကြီးဌာနက ဒီအဆိုကို စီစဉ်မယ်ဆိုရင် ဒါကို ကျွန်တော် ယူဆောင်လာမှာဖြစ်ပါတယ်။ ဒီ ဥပဒေမူကြမ်းကို ကျွန်တော့်ဘာသာတော့ တင်သွင်းလို့ မရနိုင်ပါဘူး” ဟု ပြောခဲ့သည်။