အမေရိကန်က ထိုင်ဝမ်သို့ အဓိကလက်နက်ရောင်းခြင်းဖြင့် ခိုင်မာသော မိတ်ဖက် ဆက်ဆံရေးကို ဖော်ပြနေ

အမေရိကန်က ထိုင်ဝမ်သို့ အဓိကလက်နက်ရောင်းခြင်းဖြင့် ခိုင်မာသော မိတ်ဖက် ဆက်ဆံရေးကို ဖော်ပြနေ

အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖိုး ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို အမေရိကန်က အတည်ပြုပြီးနောက် ထိုင်ဝမ် ဆက်ဆံရေးအက်ဥပဒေနှင့် အာမခံချက် ၆ ချက်ပါ သတ်မှတ်ထားသော အမေရိကန်၏ လုံခြုံရေး ကတိကဝတ်များကို ဖြည့်ဆည်းပေးသည့် ခိုင်မာသော လုပ်ဆောင်ချက်များအတွက် အမေရိကန်ကို ထိုင်ဝမ်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်အပေါ် အမေရိကန်အစိုးရက ဆက်လက်လုပ်ဆောင်နေတဲ့ အရေးပါမှုကို ဖော်ပြရုံသာမကဘဲ ခိုင်မာတဲ့ ထိုင်ဝမ်-အမေရိကန် မိတ်ဖက်ဆက်ဆံရေးကိုလဲ ပြသနေပါတယ်” ဟု ထိုင်ဝမ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ရှဗီရာချန်၏ ပြောကြားချက်ကို ကိုးကား၍ Taiwan News က ဖော်ပြခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင် အာဏာရရှိလာပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် လက်နက်ရောင်းချခြင်းနှင့် ၂၀၂၂ခုနှစ်အတွင်း ပထမဆုံး လက်နက်ရောင်းချခြင်းလည်းဖြစ်ကြောင်း ချန်က ပြောသည်။

ထိုင်ဝမ်၏ မပြောင်းလဲသော ရပ်တည်ချက်မှာ ထောက်ခံသူများရှိနေခြင်းကြောင့် ရန်လိုသူမဟုတ်သလို ဖိအားပေးချိန်တွင် လည်း ဦးညွတ်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ယင်း၏ ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပူးတွဲထိန်းသိမ်းရန်အတွက် အမေရိကန် အပါ အဝင် အယူအဆတူသည့် နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ကတိပြုခဲ့ကြောင်း ထိုင်ဝမ်သတင်းတွင် ဖော်ပြထားသည်။

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းက အသုံးပြုနေသည့် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရေရှည် တည်တံ့ရန်နှင့် တိုးတက်ကောင်းမွန်လာရန် ထိုင်ဝမ်ကို ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ဖိုး ရောင်းချရန် အမေရိကန်က ဖေဖော်ဝါရီလ ၇ရက်တွင် အတည်ပြုလိုက်သည်။

အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် ယခုဆုံးဖြတ်ချက်အပေါ် တရုတ်က အမေရိကန်ကို သတိပေးခဲ့ပြီး ၎င်းတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly