ယူကရိန်းကို တိုက်ခိုက်ရေးအတွက် ရုရှက လုပ်ကြံဇာတ် ခင်းလာနိုင်သည်ဟု အမေရိကန် ပြော 

ယူကရိန်းကို တိုက်ခိုက်ရေးအတွက် ရုရှက လုပ်ကြံဇာတ် ခင်းလာနိုင်သည်ဟု အမေရိကန် ပြော 
Photo - Reuters

ဖေဖော်ဝါရီ ၁၄

ရုရှနိုင်ငံသည် ယူကရိန်းအား အချိန်မရွေး ကျူးကျော်နိုင်ပြီး တိုက်ခိုက်ရေးအတွက် အံ့အားသင့်စဖွယ် ယိုးမယ်ဖွဲ့ လုပ်ကြံဇာတ် ဖန်တီးလာနိုင်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့တွင် ပြောပြီး နေတိုး၏ ပိုင်နက်နယ်မြေကို ‘တစ်လက်မမကျန်’ ကာကွယ်သွားမည်ဟု ထပ်လောင်းကတိပြု ပြောဆိုသည်။ 

နေတိုးအုပ်စုတွင် မပါဝင်သော ယူကရိန်းနိုင်ငံ နယ်စပ်အနီး၌ ရုရှက တပ်အင်အား ၁၀၀၀၀၀ ကျော်ထက်မနည်း တပ်စွဲထားပြီး ကျူးကျော်မှုက ဖြစ်အံ့ဆဲဆဲ ရှိနေသည်ဟု အမေရိကန်က ထပ်တလဲလဲ ပြောဆိုလျက် ရှိသည်။ အမေရိကန်သည် တင်းမာမှု ပြေလျော့ရေးအတွက် သံတမန်လမ်းကြောင်းမှ ကြိုးပမ်းနေဆဲ ဖြစ်သော်လည်း လက်ရှိအထိ အရာရောက်ခြင်း မရှိပေ။ 

ကျူးကျော်တိုက်ခိုက်ခြင်းမျိုး အစီအစဉ် မရှိဟု ရုရှက ငြင်းဆန်ကာ အနောက်အုပ်စုက ‘ဆောက်တည်ရာမရ’ ဖြစ်နေသည်ဟု စွပ်စွဲသည်။ 

ယူကရိန်းဆီ တနင်္လာနေ့၌ သွားရောက်ပြီး အင်္ဂါနေ့တွင် သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ရုရှသို့ သွားရောက်ရန် ရှိနေသည့် ဂျာမနီ ဝန်ကြီးချုပ် အိုလတ်ဖ် ရှိုးဇ်က တင်းမာမှု ဖြေလျှော့ရေးအတွက် ရုရှကို တိုက်တွန်းပြီး အကယ်၍ ရုရှက ယူကရိန်းကို ကျူးကျော်ခဲ့လျှင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု သတိပေးထားသည်။ 

ဂျာမနီအနေဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်ကို မျှော်လင့်မထားသော်လည်း သံခင်းတမန်ခင်းက အရေးကြီးသည်ဟု ဂျာမနီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

စစ်ကို ရှောင်ရှားနိုင်ရန် ယူကရိန်းနိုင်ငံအနေဖြင့် နေတိုးအုပ်စုသို့ ဝင်ရောက်ရေးကို လက်လျှော့နိုင်သည်ဟု ရုရှအား အဓိက လိုက်လျောမှုအနေဖြင့် ဗြိတိန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက BBC သတင်းဌာနသို့ ပြောသည်။ 

နေတိုးသို့ ဝင်ရောက်မည့် ရည်မှန်းချက်ကို ‘ပြုပြင်ပြောင်းလဲရန်’ ယူကရိန်းအနေဖြင့် ဆန္ဒရှိထားကြောင်း သံအမတ်ကြီး ဝက်ဒမ်း ထရိုင်းစတစ်ကိုက ပြောသည်ကို ကိုးကားဖော်ပြခြင်း ဖြစ်သည်။ 

နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကို ယူကရိန်းအနေဖြင့် ပြောင်းလဲပစ်နိုင်လားဟု မေးမြန်းသည်ကို “ကျွန်တော်တို့ဟာ ဒီအတွက် အကျပ်ကိုင် ခံနေရတာပဲ၊ ခြိမ်းခြောက်ခံနေရတာပဲ ဖြစ်တယ်၊ ဒါကို လက်လွှတ်ကောင်း လက်လွှတ်ရမှာပဲ”ဟု ၎င်းက ဖြေဆိုခဲ့သည်။ 

ကျူးကျော်မှုက ‘အချိန်မရွေး’ စတင်လာနိုင်သည်ဟု ဝါရှင်တန်တွင် သမ္မတ ဂျိုး ဘိုင်ဒင်၏ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က ပြောသည်။ 

“နေ့ရက်ကိုတော့ ကျွန်တော်တို့ အတိအကျ မခန့်မှန်းနိုင်ဘူး၊ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ဖြစ်လာမယ်လို့ ပြောလို့ရနေပြီ”ဟု ဆူလီဗန်က CNN သတင်းဌာနသို့ ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly