တရုတ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက နည်းပညာကို ခိုးယူရန် Motorola ၏ ဝန်ထမ်းများကို ခေါ်ယူခဲ့

တရုတ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက နည်းပညာကို ခိုးယူရန် Motorola ၏ ဝန်ထမ်းများကို ခေါ်ယူခဲ့

တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုက အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့အခြေစိုက် Motorola ကုမ္ပဏီမှ ဝန်ထမ်းများအား ခေါ်ယူခန့်ထားကာ အဆိုပါကုမ္ပဏီ၏နည်းပညာကို ခိုးယူရန် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ဖေဖော်ဝါရီလ ၇ရက်တွင် ထုတ်ပြန်လိုက်သည်။

“ချီကာဂိုအခြေစိုက် Motorola Solutions Inc. ၏ ဝန်ထမ်းဟောင်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုသည် Motorola မှ ထုတ်လုပ်သည့် ဒစ်ဂျစ်တယ်မိုဘိုင်းရေဒီယိုနည်းပညာကို ခိုးယူရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း၊ ချီကာဂိုမြို့ရှိ ဗဟိုတရားရုံးက ဖေဖော်ဝါရီလ ၇ရက်တွင် ထုတ်ပြန်ခဲ့သည် စွဲချက်တစ်ခုတွင် ဖော်ပြထားကြောင်း တရားရေးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်းအချက်အလက်ကိုအသုံးပြု၍ ကိုယ်ပိုင် ဒစ်ဂျစ်တယ်မိုဘိုင်းရေဒီယို နည်းပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန် တရုတ်ကုမ္ပဏီ Hytera Communications က ၂၀ဝ၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း Motorola ဝန်ထမ်းများအား ကုမ္ပဏီပိုင်နည်းပညာနှင့် ကုန်သွယ်မှုလျှို့ဝှက် အချက်အလက်များကို ခိုးယူရန် လူစုညွှန်ကြားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

တရုတ်အခြေစိုက် HYTERA ဆက်သွယ်ရေးကော်ပိုရေးရှင်းသည် Motorola Solutions ဝန်ထမ်းများကို ခေါ်ယူခန့်ထားခဲ့ပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ Motorola ထံမှ ကုမ္ပဏီပိုင်နည်းပညာနှင့် ကုန်သွယ်မှု လျှို့ဝှက် အချက် အလက်များကို ရယူရန် ညွှန်ကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Motorola တွင် တာဝန်ထမ်းဆောင်ဆဲကာလက ဝန်ထမ်းအချို့သည် Motorola ၏ အတွင်းပိုင်း ဒေတာ ဘေ့စ်မှ ကုန်သွယ်မှုလျှို့ဝှက်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခဲ့ပြီး Hytera တွင် ယင်းနည်းပညာ အသုံးပြုရန် ရည်ရွယ်ချက်များကို ဖော်ပြသည့် အီးမေးလ်များစွာ ပေးပို့ခဲ့ကြောင်း စွပ်စွဲခံထားရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချီကာဂိုမြို့ရှိ အမေရိကန်ခရိုင်တရားရုံးမှ တရားရုံအမိန့်ဖြင့် ဖေဖော်ဝါရီလ ၇ရက်တွင် စွဲချက် ၂၁ ချက်ပါ တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ခဲ့ပြီး ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခိုးယူရန် ပူးပေါင်းကြံစည်မှုဖြင့် Hyteraကို တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly