ရုရှက ယူကရိန်းကို အချိန်မရွေး တိုက်ခိုက်နိုင်ဟု အမေရိကန် သတိပေး 

ရုရှက ယူကရိန်းကို အချိန်မရွေး တိုက်ခိုက်နိုင်ဟု အမေရိကန် သတိပေး 
Photo - AFP

ဖေဖော်ဝါရီ ၁၂

ယူကရိန်းမှာ အရပ်သားတွေ ပိတ်မိနိုင်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အတူ ကျူးကျော်မှုကို ရုရှနိုင်ငံက အချိန်မရွေး စတင်လာနိုင်တာကြောင့် ၂၄ နာရီအတွင်း ယူကရိန်းကနေ ထွက်ခွာကြဖို့ နိုင်ငံသားတွေကို သောကြာနေ့မှာ သတိပေးတိုက်တွန်းရင်း အမေရိကန်ဟာ ယူကရိန်းအရေးကို တပ်လှန့်လိုက်ပါတယ်။ 

ယူကရိန်းနယ်စပ်နား လက်ရှိ တပ်စွဲထားတဲ့ ရုရှစစ်အင်အား တစ်သိန်းကျော်ရဲ့ တိုက်ခိုက်မှုဟာ ဘယ်နေ့ရက်မဆိုမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ရုရှနှင့် နီးကပ်တဲ့ မဟာမိတ် တရုတ်မှာ ပေကျင်းအိုလံပစ်ပွဲတော် ကျင်းပနေဆဲအချိန် ရုရှဟာ ပဋိပက္ခကို အစပျိုးလိမ့်မှာ မဟုတ်ဘူးဆိုတဲ့ ထင်ကြေးတွေကိုလည်း ပယ်ချရင်း ဆူလီဗန်က ဖေဖော်ဝါရီ ၂၀ ရက် အိုလံပစ်ပွဲ မပြီးခင်မှာပဲ တိုက်ခိုက်မှုက ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ 

ဖြစ်အံ့ဆဲဆဲ တိုက်ခိုက်မှုနိမိတ်က အလွန်အလွန်ကို ထင်ရှားပြတ်သားပါတယ်လို့ ဆူလီဗန်က ဆိုပါတယ်။ 

သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ်ချက် ချပြီးပြီလားဆိုတာကို မသိရသေးကြောင်း အလေးထားပြောပေမယ့် “တိကျတဲ့ စိတ်ပိုင်းဖြတ်မှုကို ကျွန်တော်တို့ မခန့်မှန်းနိုင်ဘူး”လို့ ပြောရင်း ယူကရိန်းမြို့တော် ကိယတ်ဗ်ကို ‘ရုတ်ခြည်း တိုက်ခိုက်’လာတာ အပါအဝင် အဆိုးဆုံးတွေအတွက် အမေရိကန်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

“ယူကရိန်းကို ရုရှက တိုက်ခိုက်လာပြီဆိုရင်တော့ အရပ်သားတွေ သေဆုံးရမယ့် လေကြောင်းဗုံးကြဲတာတွေနဲ့ ဒုံးကျည်ပစ်ခတ်တာတွေနဲ့ စတင်ဖြစ်ဖို့ ရှိနေတယ်၊ ယူကရိန်းက အမေရိကန်နိုင်ငံသားအားလုံး ၂၄ နာရီကနေ ၄၈ နာရီအတွင်း ယူကရိန်းကနေ ထွက်ခွာသင့်ပါတယ်”ဆိုပြီး ၎င်းက ပြောပါတယ်။ 

ဆူလီဗန် အခုလို မပြောကြားခင် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဥရောပခြောက်နိုင်ငံခေါင်းဆောင်တွေ၊ နေတိုးအကြီးအကဲတွေနဲ့ အီးယူတို့ဟာ စစ်အေးနောက်ပိုင်းကစလို့ အနောက်နဲ့ ရုရှတို့ကြားက အဆိုးဆုံး ပဋိပက္ခအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ 

ပြင်သစ်အစိုးရက သမ္မတ မက်ခရွန်ဟာ စနေနေ့မှာ ပူတင်နဲ့ တိုက်ရိုက်ပြောဆိုဆွေးနွေးမယ့်လို့ ထုတ်ပြန်ပါတယ်။ 

ဆူလီဗန်ကလည်း ဂျိုးဘိုင်ဒင်နဲ့ ပူတင်တို့ ဖုန်းပြောဆိုဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly