ရန်ကုန်တွင် စစ်ကောင်စီပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေး တင်းကျပ်ထား 

ရန်ကုန်တွင် စစ်ကောင်စီပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေး တင်းကျပ်ထား 

ဖေဖော်ဝါရီ ၁၁ ရက်

ရန်ကုန်မြို့၌ မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီ ဦးစီးပြုလုပ်မည့် ၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လုံခြုံရေးပိုမိုတင်းကျပ်ထားသည်ကို တွေ့ရသည်။ 

ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့အပါအဝင် အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းတစ်လျောက် ပတ်ကင်းကားများ ခပ်စိပ်စိပ် လှည့်လည်နေသည်။ 

"မနက်ဖြန်လုပ်မယ့် ပြည်ထောင်စုနေ့အခမ်းအနားအတွက် အချို့လမ်းတွေကို ပိတ်ပြီးစစ်နေတာ။ အရင်ရက်တွေကထက် ပိုစိပ်လာတာတွေ့ရတယ်။ မနက်ကဆို ခန်းမရှေ့မှာ လမ်းပိတ်ထားတော့ ယာဥ်ကြောတွေပိတ်ကုန်တယ်။ ဒီနေ့ခရီးသည် လိုက်ပို့ရင်းအစစ်ခံရတာ အရင်ရက်တွေနဲ့တောင်မတူဘူး။ ရောက်တဲ့မြို့နယ်တိုင်း အစစ်ခံနေရတာ။ နယ်လိုင်စင်ကားတွေ ကိုပိုစစ်တယ်။" ဟု တက္ကစီယာဥ်မောင်းတစ်ဦးက ဆိုသည်။ 

ထို့အပြင် လှိုင်သာယာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ သာကေတ၊ မြောက်ဒဂုံ၊တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအပါအဝင် အခြားမြို့နယ်များတွင် လှည့်ကင်းကားများဖြင့် လှည့်လည်စစ်ဆေးနေသည်။ 

မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ပြည်သူလူထုအနေဖြင့် အလံနှင့်အသံကိုနားထောင်ပြီး ရောက်သည့်နေရာမှ တော်လှန်ရေးအတွက်ပါဝင်ဆင်နွှဲရန် နှိုးဆော်ထားမှုများလည်းရှိနေသည်။ 

ယင်းနှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက "တုန်လှုပ်ခြောက်ခြားနေတဲ့ အကြမ်းဖက်ရာဇဝတ်ကောင်တွေ ပိုမိုထိတ်လန့်စေဖို့အတွက်  လှုပ်ရှားကြမယ်။ဖေဖော်ဝါရီလ ၁၂ရက် လူထုလှုပ်ရှားမှုအတွက် ရောက်ရာအရပ်မှာ အသင့်ရှိနေပေးကြပါ။ ဘာတွေဘယ်ပုံလုပ်ကြမလဲကိုတော့ တော်လှန်ရေး အင်အားစုတွေရဲ့ အလံနဲ့ အသံကို နားစွင့်၊ အသင့်ပြင်ပြီး စစ်အာဏာရှင်ကို ရောက်တဲ့နေရာကနေ တော်လှန်ကြဖို့၊ အသင့်ပြင်ထားကြဖို့ အသိပေးနှိုးဆော်လိုက်တယ်။"ဟု ယနေ့ညတွင် ၎င်း၏ ဖေ့စ်ဘွတ် အကောင့်မှတစ်ဆင့် နှိုးဆော်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required