ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ဟုဆို

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ဟုဆို

ဖေဖော်ဝါရီလ ၁၁ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီ ယာဉ်တန်းကို ဖေဖော်ဝါရီလ ၁၀ ရက် နေ့လည်ပိုင်းက  မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ရန်ကုန်မှ မန္တလေးဘက် ဦးတည်သည့် ပွိုင့်ကား တစ်စီးပါ ကားသုံးစီး ယာဉ်တန်းကို ပဲခူး အရှေ့ခြမ်းရှိ မိုင်တိုင် တစ်နေရာတွင် LPDF-Taungoo က  ပဒေသာမိုင်း ငါးလုံး၊ အဝေးထိန်းမိုင်း တစ်လုံး အသုံးပြု  တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ 

“ယာဉ်တန်းလာမယ့် သတင်းကို ဖရဲသီး (တပ်တွင်းသတင်းပေး) တွေက တစ်ဆင့် ပေးတယ်။ ဒေသခံ ပြည်သူတွေကလည်း သတင်းပေးတာတွေ ရှိတယ်။ အဲ့ဒီလို ပူးပေါင်း ပါဝင်မှုတွေကြောင့် တိုက်ခိုက်နိုင်ခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ် ၁၁ နာရီစွန်းစွန်းမှာ သုံးစီးပါ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း

ငါးလုံးနဲ့ အဝေးထိန်းမိုင်း တစ်လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ ယာဉ်တန်းရဲ့ အနောက်ဆုံးကားကို ထိပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ အထိအခိုက် ရှိနိုင်ပါတယ်” ဟု LPDF-Taungoo တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ ယာဉ်တန်းနောက်မှ ကုန်တင်ကား တစ်စီး ကပ်မောင်းလာသောကြောင့် မိုင်းထောင်ထားသည့် နေရာ ကျော်လွန် ဖောက်ခွဲ လိုက်ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ယာဉ်တန်း အနောက်ဆုံးကား တည့်တည့် ထိမှန်သဖြင့် ကားအနောက်ခြမ်း မီးလောင်ကာ ထိခိုက်မှု ရှိနိုင်ပြီး  မီးခိုးများ ထွက်သည်အထိ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

“ကျွန်တော်တို့ တားမြစ်ထားတဲ့ စစ်ခွေး (စစ်ကောင်စီတပ်) တွေနဲ့ ဝေးဝေးနေဆိုတဲ့ အချက်ကို ပြည်သူတွေက နားမထောင်ကြဘူး။ ယာဉ်တန်းလာမယ့် အချိန်နဲ့ သေချာတိုက်ပြီး ခွဲဖို့ လုပ်ဆောင်ခဲ့တာပါ။ အနောက်မှာ ကုန်တင်ကား တစ်စီး ပါနေတော့ သူ့ကို ငဲ့ညှာပြီး ကျော်မှ ခွဲလိုက်ရတယ်။ ပြည်သူတွေကိုလည်း ကာကွယ်ရေး အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာစေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ - ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်နေရာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required