ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသော အမှု ယနေ့ ရုံးထုတ် 

ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသော အမှု ယနေ့ ရုံးထုတ် 

ဖေဖော်ဝါရီလ ၁၁ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆက်စပ်၍ မတရား စွဲဆိုထားသော အမှုကို ယနေ့ ရုံးထုတ် စစ်ဆေးသည်။ 

ရန်ကုန်မြို့ပြစီမံကိန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိသာနှင့် အမေရိကန် ဒေါ်လာ ၆၀၀,၀၀၀ ပေးခဲ့သည် ဆိုသော အမှုဖြစ်ပြီး ထိုအမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးသို့  ရုံးထုတ်ခဲ့သည်။

အမှုနှင့်ပတ်သတ်၍ ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရာ စွဲချက်တင်ထားသည့်အတိုင်းပင် ၎င်းက ရုံးတော်တွင် ထွက်ဆိုခဲ့သည်။ အမှုအတွင် စစ်ကောင်စီက တင်သွင်းထားသော တရားလိုပြ သက်သေ ရဲအရာရှိ ငါးဦးကို စစ်ဆေးသည်။

အမှုအတွက် တရားလိုပြသက်သေများ စာရင်းအရ သက်သေထွက်မည့် သူများ ကျန်ရှိ နေသေးသော်လည်း တရားသူကြီးက စွဲချက်တင်ရန် သင့်မသင့် လျှောက်လဲချက် တောင်းသည့် အတွက် လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် နှစ်ဖက် လျှောက်လဲချက် ပေးရန် နှစ်ဘက် ရှေ့နေများကို ရုံးချိန်း ပြန်လည် ချိန်းဆိုလိုက်သည်။

အဆိုပါနေ့၌ပင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ဆက်စပ် စွဲဆိုထားသော အဂတိအမှု လေးမှု အပါအဝင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရံပုံငွေမှ ရဟတ်ယာဥ်ဝယ်သူ သုံးစွဲမှု၊ ငှားရမ်းမှုတို့နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိမှု ငါးမှုကိုလည်း စစ်ဆေးရန် ချိန်းဆို ထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများထဲမှ အမှု ငါးမှုမှာ အမိန့် ချခဲ့ပြီးဖြစ်ကာ အမှု ၁၂မှုကို နေပြည်တော်တွင် ဆက်လက်စစ်ဆေးလျက်ရှိသည်။

ယနေ့ရုံးထုတ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော် ခွေးကလေး တိုက်ချီဒို မသေဆုံး သေးကြောင်းနှင့် နေသိပ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရုံးချိန်းအပြီး တရားရုံးနှင့် နီးစပ်သူအချို့ကို ပြောဆိုခဲ့သည်။

တိုက်ချီဒိုသည် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် Kim က ရန်ကုန်မင်္ဂလာစျေး အနီးမှ ဝယ်ယူကာ မိခင်ဖြစ်သူ အတွက် ၎င်းကိုယ်စား အဖော် ပြုပေးနိုင်ရန် ရည်ရွယ်၍ လက်ဆောင် ပေးခဲ့သည့် ခွေးလေး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required