နိုင်ငံစီးပွားရေး တည်ငြိမ်စေရန် ပါကစ္စတန်က ရုရှား၊ ကာဇက်စတန်နှင့် တရုတ်ထံမှ ချေးငွေ ရယူမည်

နိုင်ငံစီးပွားရေး တည်ငြိမ်စေရန် ပါကစ္စတန်က ရုရှား၊ ကာဇက်စတန်နှင့် တရုတ်ထံမှ ချေးငွေ ရယူမည်

ပါကစ္စတန်အစိုးရသည် နိုင်ငံစီးပွားရေးအခြေအနေ အကျပ်ဆိုက်နေစဉ် တရုတ်၊ ရုရှားနှင့် ကာဇက်စတန် နိုင်ငံတို့ထံမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိ ချေးငွေတစ်ရပ် ရယူရန် ဆုံးဖြတ်လိုက်သည်။

ပါကစ္စတန်သည် တရုတ်နိုင်ငံထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနှင့် ရုရှား၊ ကာဇက်စတန်ထံမှ ချေးငွေ ဒေါ်လာ ၂ ဘီလီယံ ချေးယူရန် စီစဉ်ထားကြောင်း The News International သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ချေးငွေရယူမည့် အစီအစဉ်ကို အပြီးသတ်လုပ်ဆောင်ထားပြီးဖြစ်သလို ဝန်ကြီးချုပ် အီမရန် ခန်း၏ ဖေဖေါ်ဝါရီလ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နှင့်အကြား ချေးငွေကိစ္စနှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးဖွယ် ရှိကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး အဆိုပါ သတင်းဌာနက ဖော်ပြသည်။

တရုတ်သည် ဒေါ်လာ ၄ ဘီလီယံ တန်ဖိုးရှိ လုံခြုံမှုအပ်နှံထားရှိမှုများအပါအဝင် အရန်နိုင်ငံခြားသုံးငွေ ထောက်ကူပံ့ပိုးရေး အစီအစဉ်များနှင့် စီးပွားရေးလုပ်ငန်းချေးငွေများ ပုံစံဖြင့် ပါကစ္စတန်ထံ ဒေါ်လာ ၁၁ ဘီလီယံအထိ ပေးအပ်ထားရှိခဲ့ပြီး ဖြစ်သည်။

ပါကစ္စတန်၏ လက်ရှိ တရားဝင် အရန်နိုင်ငံခြားသုံးငွေ ဒေါ်လာ ၁၆ ဒသမ ၁ ဘီလီယံ၏ တစိတ်တဒေသသည် တရုတ်ငွေကြေးများဖြစ်ကြောင်း The Express Tribune က ဖော်ပြသည်။

ပါကစ္စတန်သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တရုတ်ထံသို့ ချေးငွေများအတွက် အတိုးအဖြစ် ရူပီး ၂၆ ဘီလီယံကျော်အထိ ပေးချေထားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly