တရုတ်စီးပွားရေးအခြေအနေသည် ကျဆင်းနေပြီး နိုင်ငံတွင်းဘဏ္ဍာငွေကို လုံခြုံစေရန်နှင့် ထိန်းသိမ်းရန် အစိုးရဝန်ထမ်းများမှ လစာ၏ ၂၅ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပြီး ဆရာများနှင့် အရာရှိများအနေဖြင့် အပိုဆုကြေးများကို ပြန်ပေးရန် တောင်းဆိုထားသည်။
တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အစိုးရများသည် ဟိုင်နန်၊ ကျန်းရှီ၊ ကွန်တုံပြည်နယ်များရှိ အစိုးရအဖွဲ့ အစည်း များရှိ အစိုးရဝန်ထမ်းများနှင့် ဆရာများထံမှ ၂၀၂၁ခုနှစ် ပထမ ၃လပတ်အတွက် ပြန်ဆပ်ရမည့်ငွေအတွက် တစ်ဦးလျှင် ယွမ်ငွေ ၂ သောင်းကောက်ခံခဲ့သည်။
သက်ဆိုင်ရာပြည်နယ်အစိုးရများကလည်း အပိုဆုကြေးများအားလုံးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ကြောင်းလည်း အသိပေးထားကြောင်းနှင့် ရှန်ဟိုင်း၊ ကျန်းရှီ၊ ဟိုင်နန်၊ ရှန်တုံ၊ ချုံချင်း၊ ဟူပေ၊ ကွန်တုံပြည်နယ်တို့တွင် ဝန်ထမ်းဆုကြေးများကို ဆိုင်းငံ့ထားကြောင်း The Hong Kong Post သတင်းစာက ဖော်ပြခဲ့သည်။
အရှေ့ပိုင်းပြည်နယ် ကျန်ရှီရှိ နန်ချန်ရေအရင်းအမြစ်ဗျူရိုက ယင်း၏ ဝန်ထမ်းများအား အပိုဆုကြေးများကို ၁၀ ရက်အတွင်း ပြန်ပေးရန် ၂၀၂၁ ခုနှစ် ဇွန်လတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
သရှင်းမြို့အာဏာပိုင်များက ဆရာများအနေဖြင့် ၎င်းတို့ရရှိသည့် အပိုဆုကြေးများကို ကျောင်းများသို့ ပြန်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရဝန်ထမ်းအများအပြားသည် လစာ ၅ပုံ ၁ပုံခန့် လျှော့နည်းသွားကြောင်း Hong Kong Post တွင် ရေးသားထားသည်။
အထူးသဖြင့် ၂၀၂၀ပြည့်နှစ် ပထမနှစ်ဝက်မှစ၍ တရုတ်နိုင်ငံရှိ ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားလာခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။
ရှန်ဟိုင်းမှလွဲ၍ ပြည်နယ်အားလုံးသည် ဘဏ္ဍာရေးလိုငွေပြမှုကို အစီရင်ခံတင်ပြခဲ့ကြပြီး ယင်းက ရရှိသည်ထက် ပိုမိုသုံးစွဲကြသည်ကို သွယ်ဝိုက်ဖော်ပြနေသည်။