လှိုင်သာယာမြို့နယ်ရှိ ပျူစောထီးဆိုသူများ နေထိုင်ရာနေရာ မိုင်းခွဲတိုက်ခိုက်ခံရ

လှိုင်သာယာမြို့နယ်ရှိ ပျူစောထီးဆိုသူများ နေထိုင်ရာနေရာ မိုင်းခွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း မြေတိုင်း (၂၃)ရပ်ကွက်ရှိ ပျူစောထီးအဖွဲ့နေထိုင်ရာနေရာအား ဖေဖော်ဝါရီလ ၉ရက် ည၈နာရီအချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Free Tiger Rangerအဖွဲ့က ပြောသည်။

"ခုညသူတို့ ခါတိုင်းထက်ပို အထိနာသွားတယ်၊ စစ်ကောင်စီရော နောက်လိုက် ပျူအဖွဲ့တွေပါ ထိတယ်လို့ သိရတယ်။ အားလုံး၁၄လုံးလောက်ပြင်ဆင်ပြီး စောင့်ခွဲကြတာ၊ ဆယ်လုံးဆယ့်တစ်လုံးလောက်ပဲကွဲတယ်။ ကျန်အလုံးတွေချို့ယွင်းသွားတယ်"ဟု Free Tiger Ranger အဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါနေရာတွင် ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀ခန့်ရှိပြီး ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား လူငယ်များ နှင့် တော်လှန်ရေး ညီအကိုမောင်နှမများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ သတင်းပေးခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်​စေခြင်းများ ပြုလုပ်နေကြောင်း။ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ငွေလိုသည့်အခါ ​ပြည်သူ များထံမှ အဓမ္မ တောင်းခံခြင်း၊ ဆိုင်ကယ်၊ သုံးဘီး ဖမ်းခြင်းများကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာအဖွဲ့လိုက် ကျူးလွန်နေခြင်းများ လုပ်ဆောင်သည့်အတွက် ယခုလို တန်ပြန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"သူတို့က လူစုတဲ့စုရပ်သဘောမျိုးဗျ၊ အဲ့ဒီကနေ ရပ်ကွက်နေပြည်သူတွေကို ဒုက္ခလိုက်ပေးနေတာ၊ သူတို့ကိုလက်နက်လည်း တပ်ဆင်ပေးထားတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

ယင်းလုပ်ဆောင်မှုကို Spring Revolution Flames၊ Free Tiger Ranger၊God of Death ၊Black Eagle Ranger အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၄ရက်နေ့တွင်လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မီးခွက်စျေးအောက်ထိပ်လမ်းမပေါ်တွင် သွားလာနေသည့် ကင်းလှည့်စစ်ကောင်စီကားကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required