အီဂျစ်တပ်ဖွဲ့ဝင်များက ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွ ၃၀ ကို သုတ်သင်

အီဂျစ်တပ်ဖွဲ့ဝင်များက ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွ ၃၀ ကို သုတ်သင်

ကိုင်ရို၊ ဇန်နဝါရီ ၁၅ ။         ။ မတည်ငြိမ်သော ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုကို အီဂျစ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ချေမှုန်းပြီးနောက် စစ်သွေးကြွ ၃၀ကို သုတ်သင်နိုင်ခဲ့သည်။

ဇန်နဝါရီ ၁၄က မြောက်ပိုင်းဆိုင်းနိုင်း ဇူဝိတ်ဒ်မြို့ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို စစ်သွေးကြွများ ဝင်စီးရန်ကြိုးပမ်းစဉ် ယင်းနေရာရှိ အီဂျစ်စစ်သားများက တုံ့ပြန်ရာမှ စစ်သွေးကြွများသေဆုံးခဲ့သည်ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မိုဟာမက်ဆာမီယာက ပြောသည်။

အခြားစစ်သွေးကြွ ၁၀ဦးခန့်လည်း ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် စစ်သားလေးဦးလည်း သေဆုံးခဲ့ပြီး စစ်သားရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆာမီယာက ထပ်မံပြောကြားခဲ့သည်။

အီဂျစ်စစ်တပ်သည် ယင်းနေရာရှိ တန်ပြန်စစ်ဆင်ရေးတစ်ခုအတွင်း စစ်သွေးကြွပုန်းအောင်းရာနေရာ ရှစ်ခု၊ ယာဉ်လေးယာဉ်နှင့် မော်တော်ဆိုင်ကယ်တစ်စင်းတို့ကို ဖျက်ဆီးခဲ့သည်ဟု ၎င်းကပြောသည်။

ဇန်နဝါရီ ၁၄က အခြားဖြစ်စဉ်တစ်ခုတွင် အိုင်အက်စ်ဆက်နွယ် စစ်သွေးကြွများသည် ဂျော်ဒန်နိုင်ငံနှင့် မြောက်ပိုင်းဆိုင်းနိုင်းရှိ စက်မှုဇုန်ကြီးတစ်ခုသို့ဓါတ်ငွေ့ ပို့လွှတ်သည့် ပိုက်လိုင်းအကန့်တစ်ခုကို ဗုံးခွဲခဲ့ကြသည်။

မြောက်ပိုင်းဆိုင်းနိုင်း အယ်လ်မီဒန်ကျေးရွာအနီး ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း  အိုင်အက်စ်ဆက်နွယ် အီဂျစ်စစ်သွေးကြွအဖွဲ့ Velayat Sinai ကပြောသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စစ်သွေးကြွများသည် အဓိကအားဖြင့် အီဂျစ်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် လုံခြုံသောနေရာတစ်ခုအဖြစ် ဆိုင်းနိုင်းကျွန်းဆွယ်ကို အသုံးပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly