မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေရ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေရ

ဖေဖော်ဝါရီလ ၆ ရက်

ဖမ်းဆီးခံထားရသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ကျန်းမာရေး အခြေအနေအရ ဆေးစစ်ချက် ယူရန်အတွက် မန္တလေး ပြည်သူ့ဆေးရုံတွင် တက်ရောက် နေသည်ဟု အိုးဘို အကျဉ်းထောင်တွင်း သတင်း အရင်းအမြစ် တစ်ဦးက ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဒေါက်တာရဲလွင် အနေဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ အကျဉ်းထောင်တွင်းမှ တစ်ဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ခဲ့ရပြီး မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်တွင် မည်သည့် ရောဂါ ဖြစ်ပွားနေသည်ကို စစ်ဆေးမှု ခံယူမည် ဖြစ်သည်။“အစာအိမ်နဲ့ အူလမ်းကြောင်းကို သူ့အနေနဲ့ စစ်ဆေးချင်တယ် ဆိုလို့

ဖေဖော်ဝါရီ ၄ ရက်နေ့က စပြီးတော့ မန္တလေး ပြည်သူ့ဆေးရုံမှာ သွားပြီး စစ်ဆေးခံ နေတာပါ။ ဒါနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ သံသယ ရှိတယ်လို့ ယူဆနေတဲ့ အတွက် စောစောစီးစီး အဖြေသိရအောင် စစ်ဆေးတာပါ။ လိုအပ်ရင်တော့ လိုအပ်သလို ကုသမှု ခံယူရမှာပေါ့။ ရောဂါ အဖြေကတော့ မသိရသေးဘူး။ မနက်ဖြန် ဆရာဝန်ကြီးနဲ့ စပြီး စစ်ဆေးမယ်” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီက ဒေါက်တာရဲလွင်အား ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ပြီးနောက် အိုးဘိုထောင်တွင်း တရားရုံးက ဒီဇင်ဘာ ၈ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။ 

အိုးဘို အကျဉ်းထောင် အတွင်း နှစ်လအကြာ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ သံသယအဆင့် ဖြစ်ပွားခဲ့သည့် အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးနေခြင်း ဖြစ်သည်။

မြို့တော်ဝန်သည် စစ်တပ်က အာဏာသိမ်း ပြီးနောက် စစ်ကောင်စီကို အလိုမရှိကြောင်း သရုပ်ဖော်သည့် လက်သုံးချောင်း ထောင်ထားသည့် အမှတ်အသားပုံကို ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် တင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်။

ဒေါက်တာရဲလွင်သည် မျက်စိအထူးကု ဆရာဝန်တစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ကြီး အဖြစ် ရွေးချယ်ခံရကာ မြို့တော် ဖွံ့ဖြိုးတိုးတက် သာယာရေး အတွက် ကြိုးစား လုပ်ဆောင်ချက်များ ကောင်းမွန်သဖြင့် လူထု ယုံကြည်လက်ခံမှု ရရှိထားသူ တစ်ဦးလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required