ပြည်ပရောက်နိုင်ငံသားတွေ ရင်းနှီးမြုပ်နှံဖို့ သီရိလင်္ကာ လွတ်လပ်ရေးနေ့မှာ သမ္မတဖြစ်သူ တိုက်တွန်း 

ပြည်ပရောက်နိုင်ငံသားတွေ ရင်းနှီးမြုပ်နှံဖို့ သီရိလင်္ကာ လွတ်လပ်ရေးနေ့မှာ သမ္မတဖြစ်သူ တိုက်တွန်း 
Photo - AFP

ဖေဖော်ဝါရီ ၅

သီရိလင်္ကာနိုင်ငံဟာ ပြီးခဲ့တဲ့ သောကြာနေ့က လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ရာမှာ ကျွန်းနိုင်ငံရဲ့ ဆိုးဝါးနေတဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ နိုင်ငံဆီ ငွေကြေးပြန်လည် ပို့ဆောင်ဖို့ မေတ္တာရပ်ခံသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ကာကွယ်ပေးသွားမယ်လို့ ကတိခံခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၇၄ နှစ် ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရပြီးချိန်ကနောက်ပိုင်း အဆိုးဆုံး ကြွေမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့  နိုင်ငံရင်းဆီ စုဆောင်းငွေတွေကို ရင်းနှီးမြုပ်နှံကြဖို့ ပြည်ပရောက် သီရိလင်္ကာနိုင်ငံသား သန်းပေါင်းများစွာကို သမ္မတ ရာဂျာပတ်စာက တိုက်တွန်းတာပဲ ဖြစ်ပါတယ်။ 

“နိုင်ငံဆီ နိုင်ငံခြားငွေ လဲလှယ် ပေးပို့နေတဲ့ ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေဟာ ကျွန်တော်တို့ရဲ့ အဓိက ရင်းမြစ်ပါပဲ”ဆိုပြီး ရာဂျာပတ်စာက ပြောပါတယ်။ 

“အမိမြေဆီ လာရောက်ရင်းနှီးမြုပ်နှံကြဖို့ ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတိုင်းကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

သီရိလင်္ကာရဲ့ နိုင်ငံခြားအရန်ငွေဟာ ရာဂျာပတ်စာ ရာထူးယူတဲ့ ၂၀၁၉ နိုဝင်ဘာမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရှိထားခဲ့ရာကနေ ထက်ဝက်ကျော်မက လျော့ကျပြီး ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံအထိ ကျဆင်းသွားခဲ့တာပါ။ 

သီရိလင်္ကာအတွက် နံပါတ် တစ် နိုင်ငံခြားငွေ ရရှိရာ ရင်းမြစ်ဖြစ်တဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ပြန်ပို့ငွေဟာ ဒီဇင်ဘာလအတွင်းမှာ ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ အဲဒီငွေဟာ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၅ ဒသမ ၄၉ ဘီလီယံအထိ ကျဆင်းခဲ့ပါတယ်။ 

နောက်ထပ် တိုင်းပြည်ဝင်ငွေဖြစ်တဲ့ ခရီးသွားလုပ်ငန်းဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ယိုင်နဲ့နေတာလည်း ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ နိုင်ငံခြားငွေကို ချွေတာဖို့အတွက် ကျယ်ပြန့်တဲ့ သွင်းကုန်တားမြစ်ချက်ကို မတ်လအတွင်း ချမှတ်ခဲ့တာကြောင့် အစားအစာနဲ့ လောင်စာ ရှားပါးပြတ်လပ်တာအပြင် ကုန်ထုတ်လုပ်မှုနဲ့ ပို့ကုန်အခြေပြု လုပ်ငန်းတွေအတွက် ကုန်ကြမ်းလိုအပ်ချက်တွေပါ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required