ခီမောင်နှံ၏ ရန်ပုံငွေအစီအစဉ်မှ ဆွဲကြိုးနှင့်နားကပ် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားရရှိ

ခီမောင်နှံ၏ ရန်ပုံငွေအစီအစဉ်မှ ဆွဲကြိုးနှင့်နားကပ် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားရရှိ

ဖေဖော်ဝါရီ ၅

သရုပ်ဆောင် ဇာဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ တို့၏ ပထမဆုံး အကြိမ် ရန်ပုံငွေ ရှာဖွေပွဲ အစီအစဉ်မှ ဆွဲကြိုးနှင့် နားကပ်ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားက ဆွတ်ခူးရရှိခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဇာဏ်ခီက သူ၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ကံထူးရှင်မှာ မဲနံပါတ် ၀၅၁၀၀ ဖြင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားက ကံထူးခဲ့ခြင်းဖြစ်သည်ဟု ရေးသား အသိပေးထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ပထမဆုံး fundraising item ကို ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူများရဲ့ ပါဝင်မှုကြောင့် ကျပ်သိန်း ၁၃၀၀ ရန်ပုံငွေ ရှာနိုင်ခဲ့ပါတယ်။ 13th Anniversary ချစ်သက်လက်ဆောင်ကို ရသွားတဲ့ ကံထူးရှင်ကတော့ ကိုရီးယားနိုင်ငံကဖြစ်ပြီး လက်မှတ် နံပါတ်ကတော့ 05100 ဖြစ်ပါတယ်။ Congratulations ပါ" ဟုဆိုသည်။

ယနေ့ ရရှိထားသော ကျပ်ငွေ သိန်း ၁၃၀၀ကို မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အခက်အခဲ ကြုံနေသော ပြည်သူများထံ ဆက်တိုက် ပေးပို့ လှူဒါန်းနေပြီဖြစ်ပြီး မည်သည့် ဒေသသို့ ပေးပို့ခဲ့သည်ကို ထပ်မံ အသိပေးမည်ဟု ဆိုသည်။

"ရရှိထားတဲ့ ရန်ပုံငွေတွေကို လိုအပ်နေတဲ့ ပြည်သူတွေဆီ ဆက်တိုက် ပေးအပ်နေပြီ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း သတင်းကောင်း ပါးအပ်ပါတယ်။ ဘယ်ဒေသတွေကို လှူဖြစ်တယ် ဆိုတာကိုလည်း မကြာခင်မှာ ထုတ်ဖော်ပြောကြားသွားမှာပါ" ဟုဆိုသည်။

ခီမာင်နှံ၏ ဒုတိယမြောက် Fundraising ပစ္စည်း ရန်ပုံငွေ ရှာဖွေပွဲ အစီအစဉ်ကိုလည်း မကြာမီ ပြုလုပ်သွားမည်ဟု ဆိုသည်။

ခီမောင်နှံဟု နာမည်ကျော်သည့် အနုပညာ ဇနီးမောင်နှံ နှစ်ဦးတို့၏ ရန်ပုံငွေ အစီအစဉ်တွင် ခရစ္စတီးနားခီ အတွက် မင်္ဂလာ သက်တမ်း (၁၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇာဏ်ခီက ဝယ်ပေးခဲ့သည့် ဆွဲကြိုးနှင့် နားကပ်ကို မဲဖောက်ပေးသည့် အစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံနှင့် နိုင်ငံတကာရောက် မြန်မာများက ဝယ်ယူ အားပေးခဲ့သောကြောင့် မဲလက်မှတ် စောင်ရေပေါင်း ၁၁,၂၄၁ စောင် ရောင်းချနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required