တရုတ်အစိုးရက တက်ကြွလှုပ်ရှားသူများ၏ လူမှုမီဒီယာအကောင့်များကို ပေကျင်းအားကစားပွဲမတိုင်မီ ထိန်းချုပ်ထား

တရုတ်အစိုးရက တက်ကြွလှုပ်ရှားသူများ၏ လူမှုမီဒီယာအကောင့်များကို ပေကျင်းအားကစားပွဲမတိုင်မီ ထိန်းချုပ်ထား

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်မီ အတိုက်အခံများကို ဖိနှိပ်သည့်အနေဖြင့် တရုတ်အစိုးရက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်အချို့၏ WeChat အကောင့်များကို မကြာသေးမီ ရက်သတ္တပတ်များကစတင် ထိန်းချုပ်လိုက်ခြင်းသည် လူအများအပြားအပေါ် သက်ရောက်မှုရှိခဲ့သည်။

အားကစားသမားများအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်ခံရမည့် အန္တရာယ်များကို ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများက သတိပေးထားသည်။ တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် အင်အားကြီး အနောက်နိုင်ငံအချို့က သံတမန်ရေးအရ သပိတ်မှောက်နေကြသော်လည်း လာမည့် သီတင်းပတ်တွင်ကျင်းပမည့် အားကစားပြိုင်ပွဲက ပါဝါအပျော့ဖြင့် အောင်ပွဲဆင်နိုင်ရေးကို တရုတ်က မျှော်လင့်ထားသည်။

ဒီဇင်ဘာအစောပိုင်းမှ စတင်ကာ WeChatအကောင့်များကို ပုံစံမျိုးစုံဖြင့် ကန့်သတ်ခံခဲ့ရကြောင်း ပြောကြားသူ ၈ဦး ရှိခဲ့ပြီး အချို့မှာ အကောင့်များကို လုံးဝအသုံးမပြုနိုင်ဘဲ ပြန်လည်မှတ်ပုံတင်ရန် ဖိအားပေးခံနေရ သည်။

ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ ၂ ဦးဖြစ်သည့် ရှေ့နေ ရှဲယမ်နှင့် စာရေးဆရာ ယန်မောင်တုန်တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းနှင့် ဒီဇင်ဘာလအစောပိုင်းကတည်းက ပျောက်ဆုံးနေသည့် လူ့အခွင့် အရေးရှေ့နေတစ်ဦးကို လျှို့ဝှက်ထိန်းသိမ်းထားသည်ဟု ဆွေမျိုးများက ယုံကြည်နေချိန်တွင် ယခုကဲ့သို့ ကန့်သတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

"WeChatအကောင့်တွေကို အခုလိုမျိုး အများအပြားပိတ်တာ မကြုံစဖူးပါပဲ" ဟု ဒီဇင်ဘာ ၂၀ ရက်က ပထမဆုံး အကြိမ်အဖြစ် WeChatတွင် အုပ်စုလိုက်စကားပြောဆိုခွင့် မရတော့သည့် ဝါရင့်ဂျာနယ်လစ် ကောင်းယွီက ပြောကြားခဲ့သည်။

ပေကျင်းမြို့တွင် ကွန်မြူနစ်ပါတီစုဝေးပွဲများ သို့မဟုတ် ၁၉၈၉ ခုနှစ် တီအန်မင်ဖြိုခွင်းမှု နှစ်ပတ်လည် နေ့ကဲ့သို့သော အဓိကနှစ်ပတ်လည်နေ့များကဲ့သို့သော နိုင်ငံရေးအရ ထိလွယ်ရှလွယ်အချိန်များအတွင်း အတိုက်အခံများ၏ လူမှုမီဒီယာအကောင့်များနှင့် သွားလာလှုပ်ရှားမှုများကို တရုတ်အစိုးရက ပုံမှန်အားဖြင့် ထိန်းချုပ်လေ့ရှိသည်။

တရုတ်မျိုးဆက်တစ်ခုအတွင်း အာဏာရှင်အဆန်ဆုံးခေါင်းဆောင်ဖြစ်သော သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ အာဏာကို တတိယသက်တမ်းရယူရန် မျှော်လင့်နေချိန်တွင် ထိပ်တန်း ပါတီညီလာခံကို ၂၀၂၂ခုနှစ် နှစ်ကုန်တွင် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly