နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး ပြန်ကောင်း၍ ယနေ့ရုံးချိန်း တက်ရောက်၊ သမ္မတ ဦးဝင်းမြင့်နှင့်အတူ အမှု ၂  မှု အစစ်ဆေးခံ 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေး ပြန်ကောင်း၍ ယနေ့ရုံးချိန်း တက်ရောက်၊ သမ္မတ ဦးဝင်းမြင့်နှင့်အတူ အမှု ၂  မှု အစစ်ဆေးခံ 

ဖေဖော်ဝါရီလ ၄ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ယနေ့ ရုံးချိန်းကို တက်ရောက်ခဲ့ပြီး ၎င်းကို စွဲဆိုထားသော အဂတိမှုများထဲမှ နှစ်မှုကို စတင်စစ်ဆေး ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ နှစ်ဦးကို ရဟတ်ယာဉ် ငှားရမ်း သုံးစွဲခဲ့မှုဖြင့် သီးခြား စွဲဆိုထားသော အမှု နှစ်မှုကို နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အထူးသီးသန့် တရားရုံး၌ ယနေ့ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။ 

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များအတွက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များအတွင်း ရဟတ်ယာဉ် ငှားရမ်းသုံးစွဲခဲ့သည့် အပေါ် အဂတိမှု ပုဒ်မ (၅၅)  ဖြင့် စွဲဆို ထားသော အမှု နှစ်မှုကို ကြားနာ စစ်ဆေးခြင်းဖြစ်ပြီး ယင်းအမှု နှစ်မှုမှာ ရာဇဝတ်ကြီးအမှု အမှတ် (၄၆ )နှင့် (၄၇) အမှု နှစ်မှုတို့ ဖြစ်သည်။ 

နိုင်ငံ့ ခေါင်းဆောင် နှစ်ဦးစလုံး ရုံးတော်သို့ ရောက်ရှိလာကြပြီး ဒေါ်အောင်ဆန်းစုကြည်က ခေါင်းအနည်းငယ် မူးရုံမှ လွဲ၍  ခေါင်းဆောင် နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြသည်။ 

“ အခုတော့ ကျန်းမာရေး ကောင်းပါတယ်။ မနေ့က လျှို့ဝှက်အက်အတွက် ရုံးထုတ်မှာ ဦးစိုးဝင်းရော၊ ဦးကျော်ဝင်းရော နှစ်ယောက်စလုံးက ဆေးရုံတက်နေရတယ်။ အစစ်ခံဖို့ ဘယ်သူမှ မရှိဘူး။ ဒေါ်စုကလည်း ခေါင်းနည်းနည်း မူးနေတယ် ဆိုတာနဲ့ အဲ့ဒီအမှုအတွက် ရုံးချိန်း ပြန်ချိန်းဆို လိုက်တာပါ။ ဒီနေ့တော့ ကျန်မာရေး ကောင်းပါတယ် ” ဟု တရားရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။ 

ယနေ့ ရုံးချိန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) မှ အရာရှိ တစ်ဦး ဖြစ်သူ ဦးအောင်ခန့်က အမှုနှစ်ခုလုံး အတွက် သက်သေ ထွက်ဆိုသည်။ ၎င်းသည် အမှုအတွက် ပထမ သတင်းပေး တိုင်ချက် (FIR) တင်သွင်းခဲ့သူလည်း ဖြစ်သည်။ 

အမှုနှင့် ပတ်သက်၍ ကြားနာနေစဉ် ဦးအောင်ခန့် တင်သွင်းသည့် သက်သေ စာရွက်စာတမ်းများကို ရှေ့နေ အဖွဲ့က ကန့်ကွက် ခဲ့သဖြင့် တရားသူကြီးက ယင်းကိစ္စ  ဆုံးဖြတ်ချက်ချရန် ဖေဖော်ဝါရီလ ၁၈ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။ 

ထို့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပြ စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန် အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာ လာဘ်ထိုး ခဲ့ရပါသည် ဟုဆိုသော အဂတိအမှု တစ်မှုအတွက်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆက်လက် စစ်ဆေးရန် ချိန်းဆိုထားသည်။ 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ယခင် စွဲဆိုထားသည့် အဂတိအမှု ငါးမှုကိုမူ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဆက်လက် ကြားနာမည် ဖြစ်သည်။ 

လက်ရှိ အဂတိ ၁၀ မှု ဖြင့် တရားရင်ဆိုင် နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်ထပ် အဂတိမှု တစ်မှုဖြင့် ထပ်တိုး အမှု ဖွင့်ထားသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် ယမန်နေ့က ပြုလုပ်သော ရုံးချိန်းကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required