တူရကီဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းလေယာဉ်များ အီရတ်မြောက်ပိုင်းကို ဗုံးကြဲ

တူရကီဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းလေယာဉ်များ အီရတ်မြောက်ပိုင်းကို ဗုံးကြဲ

အင်ကာရာ၊ ဇန်နဝါရီ ၁၄ ။              ။ ဒရုန်းလေယာဉ်များလိုက်ပါလာသော တူရကီဂျက်တိုက်လေယာဉ်ခြောက်စင်းသည် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွတို့၏ စစ်စခန်းများ၊ ဂိုဒေါင်များနှင့် အဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ ၎င်းတို့၏စစ်လေယာဉ်များက အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်အလုပ်သမားပါတီ(PKK)၏ စခန်းများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်း တူရကီစစ်တပ်က ထုတ်ပြန်သည်။

အီရတ်ပိုင်နက်တွင်းသို့ တူရကီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းကို ဘဂ္ဂဒက်က အကြိမ်ကြိမ်ပြင်းထန်စွာဝေဖန်ခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုပြုလုပ်ခြင်းသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တူရကီကို ရှုတ်ချသည်။ အီရတ်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုမှ တူရကီတပ်များ ဆုတ်ခွာရန် အီရတ်အစိုးရက တိုက်တွန်းလျက်ရှိပြီး ယင်းစခန်းအတွင်းသို့ လွန်ခဲ့သည့်လက တူရကီတပ်များ ချထားခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလလယ်ကတည်းက PKK တပ်ဖွဲ့ဝင် ၆၀၀နီးပါးကို သုတ်သင်ပြီးဖြစ်သည်ဟု စစ်တပ်က ပြောသည်။ ဇန်နဝါရီ ၁၃က တူရကီနိုင်ငံ ဒီယာဘာကာပြည်နယ်ရှိ အထပ်များစွာရှိ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တူရကီ၏ လေကြောင်းတိုက်ခိုက်မှုပေါ်လာခြင်းဖြစ်သည်။ ယင်းဋ္ဌာနချုပ်ပေါက်ကွဲမှုမှာ PKK တို့၏လက်ချက်ဖြစ်သည်ဟု အန်ကာရာက အပြစ်တင်ခဲ့သည်။ ဗုံများတင်လာသော ကားသည် စီနာရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်ကို တိုက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မျက်နှာစာမှာ လုံးဝပျက်စီးသွားသည်။

ထို့နောက် အဆောက်အဦကို ရော့ကက်လောင်ချာများ၊ ပြောင်းရှည်သေနတ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု တူရကီသတင်းစာ Sabah ကအစီရင်ခံခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူအချို့သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ခိုင်မာမှုမရှိသော နှစ်နှစ်ခွဲကြာအပစ်ရပ်သဘောတူညီချက်ပျက်ပြားပြီးနောက် လွန်ခဲ့နှစ်ဇူလိုင်မှစ၍ စစ်သွေးကြွအဖွဲ့နှင့် တူရကီစစ်တပ်ကြား အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။

PKK သည် ၁၉၈၄ခုနှစ်မှစ၍ လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့ရာ တိုက်ခိုက်မှုများကြောင့် လူ ၄၀,၀၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly