အငြင်းပွားနယ်စပ်တွင် တရုတ်က တံတားဆောက်ခြင်းအပေါ် အိန္ဒိယ စိုးရိမ်

By Aljazeera
03 February 2022
အငြင်းပွားနယ်စပ်တွင် တရုတ်က တံတားဆောက်ခြင်းအပေါ် အိန္ဒိယ စိုးရိမ်

တရုတ်က အိန္ဒိယအစိုးရအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသအတွင်းမှ လာဒက်နယ်စပ်ဒေသရှိ ပန်ဂုန်းရေကန်ကို ဖြတ်ကာ တံတားတစ်စင်းကို တည်ဆောက်နေသောကြောင့် အိန္ဒိယနို်ငငံအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

နျူကလီးယားအင်အားကြီးနှစ်နိုင်ငံအကြား နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LAC) အနီးတွင် တည်ဆောက်နေသည့် အရှည် ၄၀၀ မီတာ နှင့် အကျယ် ၈ မီတာရှိသော တံတားကို ကြည်လင်ပြတ်သားသော ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် တွေ့ရှိခဲ့ကြောင်း India National Congress မီဒီယာက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

တံတားသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ဝန်းကျင်အချိန်က တရုတ်နိုင်ငံ၏တရားမဝင် သိမ်းပိုက်မှုအောက်ရှိ နေရာများတွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယအစိုးရသည် ဆောက်လုပ်ရေးလုပ်ငန်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

"ကျွန်တော်တို့ရဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့ အစိုးရက လိုအပ်တဲ့ခြေလှမ်းအားလုံးကို လုပ်ဆောင်နေပါတယ်” ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမန်ဘက်ချီက ယခုလအစောပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အိန္ဒိယမီဒီယာ၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်တွင် အိန္ဒိယနယ်စပ်လမ်းများအဖွဲ့မှ စီမံကိန်းပေါင်း ၁၀၀ ကျော် ပြီးစီးခဲ့ပြီး အများစုသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်ရာနေရာတွင် ရှိသည်။

တရုတ်၏ တံတားတည်ဆောက်မှုသည် အိန္ဒိယအတွက် အလွန်စိုးရိမ်စရာကိစ္စဖြစ်ကြောင်း လုံခြုံရေးကျွမ်းကျင်သူများက ပြောသည်။

“တရုတ်တွေဟာ နယ်စပ်ဒေသတွေမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ အလွန်ကျွမ်းကျင်လိမ္မာကြတယ်။ ဒါက ဥပမာတစ်ခုပဲ” ဟု နယူးဒေလီအခြေစိုက် လုံခြုံရေးကျွမ်းကျင်သူ အာဂျိုင်ရှူလာက Al Jazeera သို့ ပြောကြားခဲ့သည်။

“တံတားဟာ သူတို့ရဲ့ တပ်ဖွဲ့တွေကို အလျင်အမြန် ရွှေ့ပြောင်း ဖြန့်ကြက်နိုင်စေဖို့ LAC တစ်လျှောက်မှာရှိတဲ့ တရုတ်အခြေခံအဆောက်အအုံ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ နယ်စပ်ကို စီမံခန့်ခွဲတဲ့ တရုတ်ရဲ့စံနည်းလမ်းပါပဲ” ရှူလာကပြောသည်။

သို့သော် အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားတွင် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယစစ်တပ်အရာရှိဟောင်းတစ်ဦးက တံတားတည်ဆောက်နေသည့် ဧရိယာသည် ၁၉၆၂ ခုနှစ် အိန္ဒိယနှင့် စစ်ပွဲမတိုင်မီကပင် တရုတ်ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း AlJazeera သို့ ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ခုနှစ်တွင် အငြင်းပွားနယ်စပ်ဒေသများနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ပွားခဲ့သည်။ ထိုအချိန်ကတည်းက နှစ်နိုင်ငံအကြား ၎င်းတို့၏ ၃၄၈၈ကီလိုမီတာ (၂၁၆၇မိုင်) ရှည်လျားသော နယ်နိမိတ်ကိစ္စအပေါ် သဘောတူညီမှုမရနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly