ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်အနီး အရပ်သား ၁၅ ဦးသေဆုံး

ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်အနီး အရပ်သား ၁၅ ဦးသေဆုံး

ဆာနာ၊ ဇန်နဝါရီ ၁၄ ။              ။ ယီမင်ကို ဆော်ဒီက လေကြောင်း တိုက်ခိုက်မှုအသစ် တစ်ခုပြုလုပ်မှုကြောင့် မြို့တော် ဆာနာ၏အပြင်ဘက် နေရာတစ်ခုတွင် ယီမင်အရပ်သား ၁၅ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ တိုက်ခိုက်မှုကို ဇန်နဝါရီ ၁၃က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ဆာနာ၏ တောင်ဘက် ကီလိုမီတာ ၄၀ခန့်အကွာ ဘီလက်အယ်လ်ရပ်စ်ကျေးရွာအနီး နေရာျတစ်ခုကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ကိုးလကြာမြင့်နေပြီဖြစ်သော ယီမင်အပေါ်ဆော်ဒီ၏ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသော မိသားစုများသည် ၎င်းနေရာတွင် ခိုလှုံနေသည်။ ဆော်ဒီစစ်လေယာဉ်များသည် မြို့တော်၏ အနောက်မြောက် ၅၃ကီလိုမီတာအကွာ အမ်ရန်ပြည်နယ်ကိုလည်း ဗုံးကြဲခဲ့ကြပြီး အတည်မပြုနိုင်သေးသော သတင်းများအရ လူအချို့သေဆုံးခဲ့သည်ဆိုသည်။

ယီမင်၏ ဟူသီအန်ဆာရူလာတိုက်ခိုက်ရေးသမားများနှင့် မဟာမိတ်တပ်ဖွဲ့များသည် ဆော်ဒီအာရေးဘီးယားနိုင်ငံအတွင်း စစ်သားငါးဦးနှင့် အနောက်တောင်ပိုင်း တာအစ်ဇ်ပြည်နယ်တွင် ဆော်ဒီ လိုလားသော စစ်သွေးကြွ ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြသည်။ ဆော်ဒီအာရေးဘီးယားသည် ၂၀၁၅ခုနှစ် မတ်လကတည်းက ယီမင်ကိုတိုက်ခိုက်နေခဲ့ရာ လူ ၇,၅၀၀သေဆုံးခဲ့ပြီး ၁၄,၀၀၀ကျော်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ခိုက်မှုများကြောင့် ယီမင်နိုင်ငံရှိ အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး များပြားလှသည့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် စက်ရုံများလည်း ပျက်စီးသွားသည်။ ယီမင်အတွင်းပို့မည့် အကူအညီပေးရေးလမ်းကြောင်းကို ဆော်ဒီစစ်တပ်က ပိတ်ဆို့ထားရာ ဆင်းရဲသော အာရေဗျကျွန်းဆွယ်နိုင်ငံလေးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly