ဂျကာဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူ ၈ ဦးအထိရှိလာ

ဂျကာဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူ ၈ ဦးအထိရှိလာ

ဂျကာတာ၊ ဇန်နဝါရီ - ၁၄ ။           ။ အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူများဟု သံသယရှိသူ လေးဦးအပါအဝင် အနည်းဆုံး လူ ၈ယောက် သေဆုံးခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

‘ရဲအရာရှိတစ်ယောက်နဲ့ အရပ်သား ၃ယောက်အပါအဝင် လူ၄ယောက်သေခဲ့တယ်’ဟု အေအက်ဖ်ပီသတင်းဌာနက ကြာသပတေးနေ့က ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်တန် ချာလီယန်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သီးခြားပေါက်ကွဲမှုတစ်ခုတွင်လည်း တိုက်ခိုက်သူများဟု သံသယရှိသူ ၄ယောက် သေဆုံးခဲ့ရာ ယင်းတို့အနက် ၂ယောက်မှာ ကိုယ့်ကိုယ်ကို အသေခံ ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုများမှာ အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်းနှင့် ကျူးလွန်သူများနှင့် ၎င်းတို့၏ ဂိုဏ်းဝင်များကို ခြေရာခံဖမ်းဆီးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အမိန့်ပေးခဲ့သည်။

ဂျကာတာရဲတပ်ဖွဲ့၏ တွစ်တာအကောင့်တွင် ပြောကြားချက်အရ တစ်ခုသောပေါက်ကွဲမှုမှာ ဆာရီနာဟုခေါ်သည့် ဈေးဝယ်စင်တာအပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇိမ်ခံဟိုတယ်များ၊ သံရုံးများနှင့် ရုံးများ ရှိသည့် ဧရိယာအတွင်း နံနက်အချိန် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ချဉ်းကပ်လာစဉ်တွင် သေနတ်သံများကို ကြားကြရသည်ဟု ဆိုသည်။

 

သေနတ်ပစ်ခတ်မှုများ ရပ်တန့်သွားသော်လည်း သေနတ်သမားများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သောကြောင့် နောက်ထပ် သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေကြောင်း ချာလီယန်က ပြောကြားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်မှုမှာ ဈေးဝယ်စင်တာနှင့် မျက်နှာချင်းဆိုင်ရှိ Starbucks ကဖေးဆိုင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒေသတွင်း ရုပ်သံကမူ ပေါက်ကွဲသံကို ခြောက်ကြိမ်တိတိ ကြားခဲ့ရသည်ဟု ပြောကြားသည်။ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူမည်ဝါရှိနေသည်ကိုမူ မသိရှိရသေးခြေ။

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများကြောင့် အင်ဒိုနီးရှားမှာ ကျီးလန့်စာစားဖြစ်နေပြီး အစွန်းရောက်များနှင့် ဆက်သွယ်သည်ဟု သံသယရှိသူများကို အုံနှင့် ကျင်းနှင့် ဖြိုခွင်းနေသည်။

နှစ်သစ်ကူးအကြိုကာလအတွင်း ချာ့ချ်ကျောင်းများ၊ လေဆိပ်များနှင့် အခြား လူစည်ကားသည့်နေရာများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရဲနှင့်စစ်သား ၁၅၀၀၀၀ခန့်ကို ဖြန့်ချထားသည်။

၂၀၀၂ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွင် လူ ၂၀၂ယောက် သေဆုံးခဲ့ရာ ဘာလီကျွန်းတွင် ရဲတပ်ဖွဲ့ဝင် ၉၀၀၀ကျော် ဖြန့်ချထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly