အီကွေဒေါ မြို့တော်မှာ ရေကြီးမှုကြောင့် လူ ၂၄ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

အီကွေဒေါ မြို့တော်မှာ ရေကြီးမှုကြောင့် လူ ၂၄ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဖေဖော်ဝါရီ ၂

အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုမှာ ဆယ်စုနှစ်နှစ်စုအတွင်း အပြင်းထန်ဆုံး ရေကြီးမှုတွေ ဖြစ်ခဲ့လို့ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဖေဖေါ်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

ရေကြီးမှုကြောင့် နေအိမ်တွေ၊ ကားတွေ ရေလွှမ်းမိုးခံရတာတွေဖြစ်ခဲ့သလို အားကစားကွင်းတစ်ကွင်းမှာ ရှိနေတဲ့ အားကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေ ရေထဲ မျောပါမှုလည်း ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူတစ်ဒါဇင်ခန့် ပျောက်ဆုံးနေပြီး ၄၈ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ အီကွေဒေါရဲ့ SNGRE အရေးပေါ်ကယ်ဆယ်ရေးဌာနက တွစ်တာမှာ ရေးပါတယ်။

ရုပ်သံပုံရိပ်တွေအရ မြို့တော် ကွီတိုရဲ့ လမ်းတွေပေါ်မှာ ကျောက်တုံးတွေ၊ ရွံ့တွေ၊ အပျက်အစီးတွေ သယ်ဆောင်တိုက်ချပြီး စီးဆင်းနေတဲ့ ရေစီးကြောင်းတွေကို တွေ့ခဲ့ရပြီး အရှိန်မြန်ဆန်စွာ စီးဆင်းနေတဲ့ ရေစီးကြားကနေ ဒေသခံတွေ ဘေးလွတ်ရာကို ဖြတ်သန်း ရောက်ရှိနိုင်အောင် ကယ်ဆယ်ရေးသမားတွေက ကူညီပေးခဲ့ကြရပါတယ်။

လူဦးရေ ၂ ဒသမ ၇ သန်း နေထိုင်တဲ့ ယင်းမြို့ရဲ့ လူအများအပြားကို ဘေးလွတ်ရာ ယာယီခိုလှုံရေး စခန်းတွေဆီ ခေါ်ဆောင်ထားခဲ့ရပြီး အာဏာပိုင်တွေကလည်း အင်္ဂါနေ့ကစပြီး သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာခဲ့ပါတယ်။

ကွီတိုမြို့မှာ ၁၇ နာရီကြာ ဆက်တိုက် မိုးရွာသွန်းခဲ့မှုကြောင့် အကြီးအကျယ် ရေကြီးမှုကို ဖြစ်စေခဲ့ကာ လမ်းတွေ၊ စိုက်ပျိုးရေးဧရိယာတွေ၊ ဆေးပေးခန်းတွေ၊ ကျောင်းတွေ၊ ရဲစခန်းတစ်ခု နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုတို့ကို ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly