လစ်သူယေးနီးယားရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအား အမည်ပြောင်းရန် အမေရိကန်အစိုးရ အကြံပြု

လစ်သူယေးနီးယားရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအား အမည်ပြောင်းရန် အမေရိကန်အစိုးရ အကြံပြု

လစ်သူယေးနီးယားနှင့် တရုတ်အကြား တင်းမာမှု အရှိန်လျော့သွားစေရန် လစ်သူယေးနီးယားရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးအား အမည်ပြောင်းရန် အမေရိကန်အစိုးရက အကြံပြုခဲ့သည်ဟု Sputnik သတင်းဌာနက ဇန်နဝါရီ ၂၁ရက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ် ကိုယ်စားလှယ်ရုံးကို နိုင်ငံအများစုတွင် အသုံးပြုသည့် တိုင်ပေ ကိုယ်စားလှယ်ရုံး သို့ အမည်ပြောင်း လဲရန် လစ်သူယေးနီးယား အာဏာပိုင်များအား အမေရိကန်တာဝန်ရှိသူများက အကြံပြုထားကြောင်း Sputnik က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကိုယ်စားလှယ်ရုံးသည် လစ်သူယေးနီးယားတွင် ထိုင်ဝမ်သံရုံးကဲ့သို့ ဆောင်ရွက်နေသည်။

“ပြဿနာကြီးတစ်ခုက ထိုင်ဝမ်က နာမည်မပြောင်းချင်တာပါ” ဟု သံတမန်ရေးရာ ဆွေးနွေးမှုနှင့် ရင်းနှီသော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပြီး “လစ်သူယေးနီးယားဘက်မှာလဲ နာမည်မပြောင်းချင်တဲ့အဖွဲ့တွေ ရှိနေပါတယ်။" ဟု ထပ်လောင်း ဆိုသည်။

သို့သော် ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို အမည်ပြောင်းရန် လစ်သူယေးနီးယားကို အမေရိကန်အရာရှိများက တောင်းဆိုထားသည်ဟူသော အချက်ကို အမေရိကန်အစိုးရက တရားဝင်ငြင်းဆိုထားသည်။

"တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်၏ အကြံပြုချက်များသည် အမေရိကန်နှင့် လစ်သူယေးနီးယားတို့ကြား အမှန်တကယ် ဆွေးနွေးမှုများကို ထင်ဟပ်စေမည်မဟုတ်ကြောင်း" အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီက ပြောကြားခဲ့သည်။

အမေရိကန်က လစ်သူယေးနီးယားနှင့် ထိုင်ဝမ်တို့၏ ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုများကို လေးစားကာ ထောက်ခံကြောင်း ကောင်စီက ပြောကြားခဲ့သည်။

လစ်သူယေးနီးယားက ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအဖြစ် အမည်ပေးခြင်းကို ခွင့်ပြုခဲ့သည့်အတွက် လစ်သူယေးနီး ယားနှင့် တရုတ်အကြား ၂၀၂၁ခုနှစ်တွင် ဆက်ဆံရေးတင်းမာခဲ့ရသည်။

တရုတ်က သံတမန်အား လစ်သူယေးနီးယားမှ ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံများကြား သံတမန်ဆက်ဆံရေး အဆင့်ကို သံရုံးတာဝန်ခံအဆင့်သို့ လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly