မြန်မာ့အရေး ဖြေရှင်းရန် ပိုမိုအားကောင်းသော နိုင်ငံတကာ ဆောင်ရွက်ပုံနည်းလမ်းသစ် လိုနေပြီဟု ကုလကျွမ်းကျင်သူ ပြော

မြန်မာ့အရေး ဖြေရှင်းရန် ပိုမိုအားကောင်းသော နိုင်ငံတကာ ဆောင်ရွက်ပုံနည်းလမ်းသစ် လိုနေပြီဟု ကုလကျွမ်းကျင်သူ ပြော

ဖေဖော်ဝါရီလ ၁ ရက်

မြန်မာ့အရေး ဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုအားကောင်းသည့် ဆောင်ရွက်ပုံနည်းလမ်းသစ်ဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွန် အန်ဒရူးစ်က ပန်ကြားလိုက်သည်။

“ခုချိန်က အပြောသက်သက် လုပ်ရမယ့် အချိန်မဟုတ်တော့ပါဘူး၊ အဓိပ္ပါယ်ရှိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု ကုလ ကျွမ်းကျင်သူက ပြောသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခဲ့ချိန်တွင် ကုလ ကျွမ်းကျင်သူ တွန် အန်ဒရူးစ်က မြန်မာနိုင်ငံတွင် အကြီးအကျယ် ဒုက္ခဆင်းရဲများ ခံစားခဲ့ကြရသူများနှင့် နိုင်ငံကို ကာကွယ်ရန် လုပ်ဆောင်နေကြသူအချို့၏ ထုတ်ဖော်သံများ ပါဝင်သည့် ဗီဒီယိုတစ်ခုကို ထုတ်ပြန်ဖော်ပြခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စု လက်နက်များ၊ ဘဏ္ဍာငွေများ နှင့် တရားဝင်ဖြစ်မှုတို့ မရရှိစေရေး ဖြတ်တောက်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အားကောင်းပြီး အဓိပ္ပါယ်ရှိသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ကြရလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် ကုလ လုံခြုံရေးကောင်စီဘက်က မြန်မာအာဏာသိမ်းစစ်တပ်အပေါ် လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ချက် ပြဋ္ဌာန်းချမှတ်ရန် အရေးတကြီး လိုအပ်နေပြီဟု အန်ဒရူးစ်က ပြောခဲ့သလို စစ်အုပ်စုအပေါ် ဘဏ္ဍာရေးအရ ဖိအားများ တိုးမြှင့်ပေးအပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုဆီ ဆက်လက် စီးဝင်နေသည့် စစ်လက်နက်များနှင့် ယင်းတို့သည် မည်သည့်နေရာကနေ ရောက်လာနေသလဲ ဆိုသည်ကို ဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်ကို မကြာခင် ထုတ်ပြန်သွားမည်ဟု အန်ဒရူးစ်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required