ပါကစ္စတန် လေကြောင်းခရီးစဉ်များအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် အီးယူ အေဂျင်စီ ငြင်းဆန်

By Latestly
01 February 2022
ပါကစ္စတန် လေကြောင်းခရီးစဉ်များအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် အီးယူ အေဂျင်စီ ငြင်းဆန်

ဥရောပသမဂ္ဂ အေဂျင်စီသည် ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (PIA) ၏ ဥရောပသို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုအပေါ် ချမှတ်ထားသည့် ပိတ်ပင်ချက်ကို ရုပ်သိမ်းပေးရန် ထပ်မံ ငြင်းဆန်ခဲ့ပြန်ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

“ပါကစ္စတန်ကနေ လေယာဉ်ခရီးစဉ်တွေ ဥရောပကို ပြန်လည်ပြေးဆွဲမှုကို ခွင့်ပြုမပေးခင် အကဲဖြတ်စစ်ဆေးမှုတစ်ခု လုပ်ဆောင်သွားရပါဦးမယ်” ဟု ဥရောပသမဂ္ဂ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးအေဂျင်စီမှ PIA ထံသို့ ပေးစာထဲတွင် ဖော်ပြထားသည်ဟု အဆိုပါသတင်းဌာနက ကိုးကားဖော်ပြသည်။

“အရေးပါတဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်စရာကိစ္စတစ်ခုကို ဖယ်ထုတ်ဖြေရှင်းထားနိုင်ခဲ့တာက အီးယူနိုင်ငံတွေဆီ ခင်ဗျားတို့ရဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးခရီးစဉ်တွေ ပြေးဆွဲမှုအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ပင်ချက် ပြန်ရုပ်သိမ်းခံရနိုင်စေဖို့အတွက် အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ခဲ့ပါတယ်” ဟု EASA က PIA ၏ အမှုဆောင်အရာရှိချုပ် အာရှက်ဒ် မာလစ်ခ်ထံ ပေးပို့သည့် စာထဲတွင် ဖော်ပြထားကြောင်း Dawn သတင်းဌာနက ကိုးကား ဖော်ပြသည်။

သို့သော် EASA အနေဖြင့် ပိတ်ပင်ချက်ကို ရုပ်သိမ်းမပေးခင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုတစ်ခု လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုအပေါ် အစိုးရ၏ ကြီးကြပ်မှုပိုင်းတွင် ဟာကွက်များ ရှိနေခဲ့ခြင်းကြောင့် အီးယူ အေဂျင်စီဘက်က PIA အပေါ် ပိတ်ပင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခု စစ်ဆေးမှုအတွင်း အထက်ပါ ဟာကွက်များကို ကောင်းစွာ ဖြေရှင်းပြင်ဆင်ထားပြီးပြီလား ဆိုသည်ကို အကဲဖြတ်သွားရလိမ့်မည်ဖြစ်ကြောင်း EASA ၏ စာထဲတွင် ဖော်ပြထားသည်။

၂၀၂၀ ဇူလိုင်လတွင် EASA သည် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ၏ အီးယူနိုင်ငံများသို့ ခရီးစဉ်များ ပြေးဆွဲမှုအပေါ် ပိတ်ပင်ဆိုင်းငံ့ခဲ့ချိန်တွင် ပါကစ္စတန်လေကြောင်းလိုင်းများသည် အီးယူနိုင်ငံများသို့ ပျံသန်းပြေးဆွဲမှုကနေ ပိတ်ပင်ကန့်သတ်ခံထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly