ကမ္ဘာ့ရတနာဘဏ် ချေးငွေ Non CDM ပညာရေးဝန်ထမ်းများက အိမ်အထိ လိုက်တောင်းနေ

ကမ္ဘာ့ရတနာဘဏ် ချေးငွေ Non CDM ပညာရေးဝန်ထမ်းများက အိမ်အထိ လိုက်တောင်းနေ

ဇန်နဝါရီလ ၃၁ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ကမ္ဘာ့ရတနာဘဏ်မှ ထုတ်ချေးထားသည့် ဘဏ်ချေးငွေများ ပြန်လည် ပေးဆပ်ရန် Non CDM ပညာရေး ဝန်ထမ်းများက CDM ပညာရေး ဝန်ထမ်းများ၏ နေအိမ်အထိ လိုက်လံ တောင်းခံနေကြောင်း CDM ကျောင်းဆရာ၊ ဆရာမများထံက သိရသည်။

ကမ္ဘာ့ရတနာဘဏ်က ဝန်ထမ်းသက်သာ ချေးငွေများ ထုတ်ပေးစဉ်က တာဝန်ခံ အထက်အရာရှိ ကျောင်းအုပ်၊ ပညာရေးမှူးများ၏ ထောက်ခံချက်အပြင် အာမခံအဖြစ် ဝန်ထမ်း သုံးဦးကိုပါ လက်မှတ်ရေးထိုးစေပြီး ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“Non တွေကို ဘဏ်နဲ့ ပညာရေးမှူးက ခိုင်းလို့ဆိုပြီး CDM တွေရဲ့ အိမ်တွေကိုပါ လိုက်ပြီးတော့ ဘဏ်ချေးငွေ တွေကို ဆရာမတွေက လိုက်တောင်းနေတယ်၊ ဘဏ်ဝန်ထမ်းက တောင်းတာ မဟုတ်ဘူးနော်၊ ဆရာမတွေက လိုက်ပြီး အကြွေးတောင်းပေးနေတာ၊ မပေးရင် တရားစွဲမယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်တယ်၊ CDM တွေက နေအိမ်တွေမှာမှ မနေကြတော့ဘဲ ရှောင်တိမ်းနေတော့ မိသားစုတွေကို ခြိမ်းခြောက်တယ်၊ Non တွေက စစ်ဘောမချင်တာ မကဘူး စစ်ဖိနပ်နင်းပြီး ခိုင်းတာလည်း လိုက်လုပ်ပေးနေကြတာ မဖြစ်သင့်ဘူး” ဟု လပွတ္တာမြို့ခံ CDM ပညာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

လပွတ္တာ ပညာရေးဌာနသည် အသံတိတ်သပိတ် မဖြစ်မြောက်စေရေး အတွက်ပါ Non CDM ဆရာ၊ ဆရာမများကို ဖိအားပေး လုပ်ဆောင်နေပြီး မနက်ဖြန် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကျောင်းသား အားကစား လှုပ်ရှားမှု အဖြစ် မြို့ပေါ် စာသင်ကျောင်းများမှ မြို့အတွင်း လှည့်လည် လမ်းလျှောက်ရန် စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required