ထိုင်းနယ်စပ်၌ နယ်စပ်ဖြတ်ကျော် မြန်မာများ ပါလာသည့်ကား သေနတ်ပစ်ခံရပြီး မြန်မာတစ်ဦးသေ

By ကိုရွှေမြိတ်
30 January 2022
ထိုင်းနယ်စပ်၌ နယ်စပ်ဖြတ်ကျော် မြန်မာများ ပါလာသည့်ကား သေနတ်ပစ်ခံရပြီး မြန်မာတစ်ဦးသေ

ဇန်နဝါရီ ၃၀

ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင် ဆိုင်ယို့မြို့နယ်၌ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား ၁၀ ဦး ပါဝင်သော ကားကို ထိုင်းလုံခြုံရေးအဖွဲ့များက ပစ်ခတ်ရာ တစ်ဦး သေပြီး တစ်ဦး ဒဏ်ရာ ရခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ည ၁၁ နာရီ ခန့်တွင် အဆိုပါ ပစ်ကပ်ကားကို တားဆီးရာ ရပ်မပေးဘဲ မောင်းနှင် သွားခြင်းကြောင့် ကျေးရွာ လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသူ မြန်မာနိုင်ငံသားမှာ အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦး ဖြစ်၍ အသက် ၂၀ အရွယ် အမျိုးသမီးမှာ သေနတ် ကျည်ဆန် ထိမှန်ခဲ့ပြီး အတွင်းလူနာ အဖြစ် ကန်ချနဘူရီ ခရိုင် ဆိုင်ယို့မြို့နယ် ဆေးရုံတွင် ပို့ဆောင် ကုသမှု ခံယူနေရကြောင်း ထိုင်း သတင်းတွင် ရေးသားထားသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် သေနတ် အမျိုး အစားမှာ M16 ဖြစ်ပြီး သေဆုံးသူ၏ ဦးခေါင်းကို ထိမှန်ခဲ့ကြောင်း သိရပြီး သေနတ်ဖြင့် ပစ်ခတ်သူကို ဆိုင်ယို့မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ခေါ်ယူပြီး ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ကာ ကနဦးတွင် အမှု နှစ်မှုဖြင့် ဖွင့်လှစ် တရားစွဲဆို ထားသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင် အတွင်း နေ့စဉ် အထောက် အထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရပြီး လက်ရှိ ဇန်နဝါရီလ တစ်လတည်းမှာတွင် လူဦးရေ ၄,၀၀၀ ဝန်းကျင် ဖမ်းဆီး ခံနေရကြောင်း ထိုင်း သတင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required