မြန်မာအား ဖိအားပေးမှု ‘အရာမထင်’ ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ပြော 

မြန်မာအား ဖိအားပေးမှု ‘အရာမထင်’ ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ပြော 
Photo - Aljazeera

ဇန်နဝါရီလ ၂၉ ရက်

မြန်မာနိုင်ငံတွင် ၎င်း၏ ပြည်သူများအား စစ်တပ်အုပ်ချုပ်သူများက အကြမ်းဖက်နေခြင်းများ ရပ်စဲရန်နှင့် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖြစ်ထွန်းရန် တိုး၍ ဖိအားပေးသင့်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များကို ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းသည်။ 

နိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်နီးပါးကြာချိန်၌ ပြည်သူများ၏ ဘဝနေထိုင်ရေးအတွက် ပေးဆပ်နေရသကဲ့သို့ လွတ်လပ်ခွင့်များ ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ မီရှဲလ် ဘက်ချလက်က ပြောသည်။ 

အာဏာသိမ်းမှုနှင့် အကျိုးဆက်ဖြစ်ထွန်းသော အကြမ်းဖက်မှုများကို အားလုံးနီးပါးက ရှုတ်ချနေလင့်ကစား နိုင်ငံတကာ၏ တုံ့ပြန်မှုသည် ‘အရာမထင်’ဟု ၎င်းက တံဆိပ်တပ်ပြီး ပဋိပက္ခ၏ အတိုင်းအဆနှင့်အညီ အရေးပေါ် တုံ့ပြန်မှု ချို့တဲ့နေဟု ပြောသည်။ 

“ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အရေးပေါ် အသစ်တဖန် ကြိုးပမ်းအားထုတ်မှုတွေ ဆောင်ရွက်ရမယ့် အချိန်ပါ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ နိုင်ထက်စီးနင်း ပြုကျင့်သူတွေကို အရေးယူရမယ့် အချိန်ပါပဲ”ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းခေါင်းဆောင်များက လူသားချင်းစာနာထောက်ထားရေး အကူအညီများကို လက်ခံလာရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတို့က လုံလောက်စွာ နားချနိုင်ခြင်း မရှိဟု ချီလီနိုင်ငံ၏ သမ္မတဟောင်းလည်းဖြစ်သူ မီရှဲလ် ဘက်ချလက်က ပြောသည်။ 

“ကျွန်မ အစိုးရတွေကို တိုက်တွန်းတယ်၊ ပြီးတော့ ဒေသတွင်းနဲ့ အလွန်က စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေကိုလည်း တိုက်တွန်းတယ်၊ အခု ပြောဆိုချက်တွေကို နားထောင်ပေးကြဖို့ပါပဲ”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မီရှဲလ် ဘက်ချလက်က ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်သည် အရပ်သား အစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required