နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈၂ ဘီလီယံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၁ သန်းကို စစ်ကောင်စီ ခွင့်ပြုခဲ့

By scoop
28 January 2022
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈၂ ဘီလီယံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၁ သန်းကို စစ်ကောင်စီ ခွင့်ပြုခဲ့
Photo - Google

ဇန်နဝါရီလ ၂၈ ရက်

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပထမတစ်နှစ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၈၂ ဘီလီယံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၅၁ သန်းကို ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၂၇ ရက်က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန (MOI) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) တို့က ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နှင့် ၂၀၂၂ ဇန်နဝါရီ ၂၀ အကြား ကာလအတွင်း နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့သည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်ရက် ၂၀၂၁ ဖေဖေါ်ဝါရီ ၂ ရက်တွင် စစ်ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

MOI နှင့် MIFER တို့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်အတွင်း ခွင့်ပြုအတည်ပြုပေးခဲ့သည့် ပြည်တွင်း (နိုင်ငံသားများ၏) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၀ အနက် ခုနစ်ခုသည် ဝန်ဆောင်မှု ကဏ္ဍ စီမံကိန်းများအတွက် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၄၂၇ ဒသမ ၃၄ သန်း ဖြစ်ကာ ၂၉ ခု သည် ကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများအတွက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၇၄ ဒသမ ၅၈ သန်း ဖြစ်သည်။ ဤကာလအတွင်း သတ္တုတူးဖော်မှု၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေး ကဏ္ဍများတွင်လည်း နိုင်ငံသားများထံမှ အတော်အတန်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထဲတွင် LNG ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်မည့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် ပရောဂျက်တစ်ခု ပါဝင်သည်ဟု စစ်ကောင်စီ ဝန်ကြီးဌာနနှစ်ခုက ပြောသည်။

လက်ရှိတွင် တရုတ်သည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်နေသည့်အပြင် နိုင်ငံတွင် အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း တရုတ် မဟုတ်သော အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ဂျပန်မှ တစ်ခု (ကန်ဒေါ်လာ ၅၁၆ ဒသမ ၄၃ သန်း) ၊  စင်္ကာပူမှ လေးခု (ဒေါ်လာ ၄၄၂ ဒသမ ၂၀ သန်း) ၊ ထိုင်းမှ နှစ်ခု (ဒေါ်လာ ၇၅ ဒသမ ၅၀ သန်း) ၊ တောင်ကိုရီးယားမှ ငါးခု (ဒေါ်လာ ၆၆ ဒသမ ၁၇ သန်း) နှင့် ဟောင်ကောင်မှ ခုနစ်ခု (ဒေါ်လာ ၆၀ ဒသမ ၀၉ သန်း) တို့ဖြစ်သည်ဟု သိရသည်။

ထို့ပြင် အာဏာသိမ်းစစ်အုပ်စုသည် ရုရှားကဲ့သို့သော နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဖိတ်ခေါ်ရန်နှင့် ကုန်သွယ်မှု ပိုမိုတိုးတက်စေရန် ကြိုးစားနေသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required