မီဇိုရမ်ပြည်နယ်တွင် ကျပ်သိန်း ၁၀၀ နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ပြန်လွတ်

By ပါခွီး
28 January 2022
မီဇိုရမ်ပြည်နယ်တွင် ကျပ်သိန်း ၁၀၀ နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ပြန်လွတ်

ဇန်နဝါရီ ၂၈

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်၊ ခိုင်ခီကျေးရွာတွင် မြန်မာနိုင်ငံသား တစ်ဉီးအား မြန်မာငွေ ကျပ်သိန်း ၁၀၀ နှင့် အတူ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ဖမ်းဆီးခံရပြီးနောက် အာသံရိုင်ဖယ်တပ်တွင် စစ်ဆေးမေးမြန်း၍ လုံးလေမြို့ရှိ အကောက်ခွန်ရုံးသို့ ပို့ဆောင်ကာ ၎င်းအား အိန္ဒိယငွေ ရူပီး ၄၀၀ ပေးကာ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လွှတ် ပေးခဲ့ကြောင်း ဆိုသည်။

“ကျွန်တော့်ကို နိုင်ငံခြားက အမျိုးတွေကနေ တစ်ဆင့် နယ်စပ်မှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ငွေလှမ်းပို့တာကို သွားပေးရင်းနဲ့ အခုလို အဖမ်းခံရတာပါ” ဟု ပြန်လွတ်လာသူက ပြောသည်။

ဘာသာစကား အခက်အခဲနှင့် ဒေသမကျွမ်းကျင်မှုကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ဒေသခံတစ်ဦး၏ အကူအညီဖြင့် မြန်မာဒုက္ခသည်များအား ကူညီပေးနေသော အဖွဲ့အစည်း တစ်ခုတွင် လုံခြုံဘေးကင်းစွာ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆက်ပြောသည်။

“ကျွန်တော်တို့ တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး အသိမ်းဆည်း ခံထားရတဲ့ ငွေနဲ့ ဆိုင်ကယ်တစ်စီး မိုဘိုင်းဖုန်းကို ပြန်ရအောင် ကြိုးစားနေပါတယ်” ဟု Myanmar Refugees Committee (Lunglei) အတွင်းရေးမှူး ဆလိုင်းချာလီ ကပြောသည်။

အိန္ဒိယနိုင်ငံအတွင်း နိုင်ငံခြားငွေအား လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ရှိပြီး ယခုကဲ့သို့ ကျပ်ငွေ အများအပြား လက်ဝယ် တွေ့ရှိခြင်းသည် ပြစ်မှုမြောက်သော်လည်း ဒုက္ခသည်များအား အကူအညီ ပေးနေသည့် မီဇိုရမ် အာဏာပိုင်များက နားလည်မှုပေး၍ ပစ္စည်းနှင့် ငွေများ ပြန်လည် ရရှိမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

နယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အာသံရိုင်ဖယ်တပ်သည် မြန်မာနိုင်ငံသားများ ဝင်ရောက်ခြင်းအပေါ် စွက်ဖက်မှု မရှိသော်လည်း ဥပဒေနှင့် မလွတ်ကင်းပါက ဖမ်းဆီး၍ တာဝန် ရှိသူများထံ အပ်နှံလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ CDM ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံသား ၃၀၀၀၀ ကျော် ခိုလှုံနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly