မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များအား ဒုက္ခသည် လက်မှတ်ပြုလုပ်ပေးရန် မီဇိုရမ် အစိုးရ စီစဉ်

မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များအား ဒုက္ခသည် လက်မှတ်ပြုလုပ်ပေးရန် မီဇိုရမ် အစိုးရ စီစဉ်

ဇန်နဝါရီလ ၂၆ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများအား ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်များ ပြုလုပ်ပေးရန် မီဇိုရမ်အစိုးရက စီစဉ်လျက်ရှိကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့အစည်းထံမှ သိရသည်။ 

“DC (Deputy Commissioner) က တာဝန်ရှိတဲ့သူတွေနဲ့ ကျနော်တို့ တွေ့ဆုံတဲ့အချိန်မှာ သူတို့ဘက်က လုပ်မယ့် အစီအစဉ်ကိုပြောပြတာပါ။  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကမ့်(Camp)ထဲ နေထိုင်ကြတဲ့ CDM ဝန်ထမ်းတွေ အပါအဝင် အပြင်မှာ နေထိုင်တဲ့သူအားလုံးအတွက် လုပ်ပေးဖို့ရည်ရွယ်တယ်” ဟု NGO United for Democratic Myanmar ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မီဇိုရမ်ပြည်နယ်အစိုးရမှ  DC အပါအဝင် ဌာနပေါင်းစုံ ပါဝင်သော ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း၍  ဒုက္ခသည်များ၏ ကိုယ်ရေး အချက်အလက်များ ကောက်ခံပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဒုက္ခသည်များတွင် ဒေသခံ ဘာသာစကားမတတ်သည့်အတွက် များစွာဒုက္ခတွေ့ကြုံ ရနိုင်ကြောင်း ၊ အကယ်၍ ဒုက္ခသည် အသိအမှတ်ပြုလက်မှတ်များ ကိုင်ဆောင်ထားနိုင်ပါက  ရပ်ကွက်ထဲ သွားလာနေထိုင်သည့် အချိန်တွင် စစ်ဘေးရှောင်များဖြစ်ကြောင်း သက်သေ အထောက်အထားပြနိုင်ပြီး စာနာ နားလည်မှုများ ရရှိကာ လုံခြုံရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ 

အသိအမှတ်ပြု လက်မှတ်ရပြီးပါက အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရေးများတွင် များစွာ အထောက်အကူဖြစ်စေနိုင်မည်ဟုလည်း သိရသည်။ 

ယခင်အချိန်များတွင် မီဇိုရမ်ပြည်နယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း အခြေချရာတွင် ဒေသရပ်ကွက်ကောင်စီနှင့် လူငယ်အသင်း စသည့် အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် ပြောင်းရွှေ့ရပြီး ထောက်ခံချက်မရှိပါက အိမ်ငှားရန် မဖြစ်နိုင်သော အခြေအနေများမှလည်း ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ်အတွင်း မတူပီ ၊ မင်းတပ် ၊ တီးတိန် ၊ ဖလမ်း ၊ ကန်ပလက်မြို့နယ်များ စစ်ကောင်စီတပ်များနှင့် ဒေသခံ ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒုက္ခသည်များ ဆက်လက်ဝင်ရောက်လာမည့် အခြေအနေများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required