မြိတ်မြို့သို့ ဦးတည်မောင်းနှင်သည့် ဆီဘောက်ဆာ ကားနှင့် စစ်တပ်ယာဉ်တန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ

By ကိုရွှေမြိတ်
26 January 2022
မြိတ်မြို့သို့ ဦးတည်မောင်းနှင်သည့် ဆီဘောက်ဆာ ကားနှင့် စစ်တပ်ယာဉ်တန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ

ပုလော၊ဇန်နဝါရီ၊ ၂၆

တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ ဦးတည် မောင်းနှင်နေသည့် ဆီဘောက်ဆာကား အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People's Defence Force မှ ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁ နာရီတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးသွားကြောင်း PPDF အဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါ ဆီဘောက်ဆာကား အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ကား ၂၂ စီးပါ ယာဉ်တန်းသည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၁ နာရီခွဲတွင် ထားဝယ်-မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ပုဇွန်တောင် အနီး ထားဝယ်-သရက်ချောင်း ဘက်မှ မြိတ်မြို့သို့ မောင်းနှင် လာစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People's Defence Force ထံမှ သိရသည်။

ပုလော PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက"ပထမတော့ ကျွန်တော်တို့ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် မြေပြင် အခြေအနေအရ အကြောင်း ကြောင်းကြောင့် အချိန်မရဘဲ ဖြစ်သွားပေမယ့် အပြန် အလှန် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူတို့ဘက်က နှစ်ဦးကျသွားတယ်"ဟု ပြောသည်။

ယင်းသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သားနှစ်ဦး သေဆုံးသွားကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) Palaw People's Defence Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂၃ ရက်က ကလိန်အောင် ဘက်မှ ထားဝယ်ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ဆီဘောက်ဆာ ကား လေးစီးကိုထားဝယ် PDF အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေဖြူမြို့နယ်တွင် ထိုကားများ ‌‌ေခတ္တရပ်နားခဲ့သည်။

ယင်းနောက် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်သို့ ဆီဘောက်ဆာကား နှစ်စီးနှင့် လုံခြုံရေး ယာဉ် အပါအဝင် ၂၂ စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည် ဟုဒေသခံထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required