တကသကျောင်းသား သုံးဦးအား လွန်ခဲ့သည့် တစ်နှစ်က ဆန္ဒပြပွဲကြောင့် ပုဒ်မ ၁၈ဖြင့် ယနေ့အမှုဖွင့်

တကသကျောင်းသား သုံးဦးအား လွန်ခဲ့သည့် တစ်နှစ်က ဆန္ဒပြပွဲကြောင့် ပုဒ်မ ၁၈ဖြင့် ယနေ့အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။         ။ ပန်းပဲတန်းတရားရုံးနှင့် ကျောက်တံတားတရားရုံးတွင် ပုဒ်မ ၅၀၅၀(ခ) ဖြင့် တရားစွဲဆိုခံထားရသော တကသကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အနက် ဇေယျာလွင်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့က လှည်းတန်း ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်းရှေ့တွင် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပထမဆုံးပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ကမာရွတ်မြို့နယ်ရဲစခန်းမှဒုရဲမှူး ဦးသိန်းဟန်က တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့သည်။

အဆိုပါအမှုတွဲတွင် ဇေယျာလွင်အပါအဝင် တကသကျောင်းသားတစ်ဦးဖြစ်သူ ထွန်းမင်းခန့်ကိုပါ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဇေယျာလွင်တို့ဘက်မှ ပုဒ်မ ၁၈ အပေါ် အယုံအကြည်မရှိသည့်အတွက် အမှုကို ရင်ဆိုင်သွားမည် မဟုတ်ကြောင်းလည်း ဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်အမှုမှာတင် ၅၀၅ (ခ) နှစ်မှု၊ ပုဒ်မ ၁၈ နှစ်မှု၊ နောက် လှိုင်မြို့နယ်မှာ ပုဒ်မ ၁၈ အမှုတစ်မှုရှိသေးတယ်။ ရန်ကုန် လေးရက်နေ့သပိတ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ နန်းလင်းဆိုရင်လည်း ပြီးခဲ့တဲ့နှစ်က ဒဂုံတက္ကသိုလ်ဝင်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိစ္စကိုပုဒ်မ ၁၈ စွဲတယ်။ နောက် ကိုကျော်ကိုကို၊ ကိုဂျိမ်းတို့အများကြီးပဲ။ အဲဒီတော့ အခုလို ပုဒ်မ ၁၈ နဲ့ ဆိုတာတွေဟာ ကျွန်တော်တို့အနေနဲ့ ပြောရရင် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တားမြစ်နေတာကြောင့် ပုဒ်မ ၁၈ ကို လက်မခံဘူး။ ပုဒ်မ ၁၈ နဲ့ စွဲလာသမျှ တရားစွဲဆိုမှုတွေကို ကျွန်တော်တို့က တရားရုံးမှာ တရားရင်ဆိုင်သွားမှာ မဟုတ်ပါဘူး။" ဟု ဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

ဒါ့အပြင် ပုဒ်မ ၁၈ သည် ပယ်ဖျက်သင့်သည့် ပုဒ်မတစ်ခုဖြစ်သည်ဟု ယူဆကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းကြောင့် တကသကျောင်သားများဖြစ်သော နန်းလင်း၊ မင်းသုခနှင့် စည်သူမောင်တို့ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား ခဲ့ခြင်းခံထားရသလို၊ အခြား ပညာရးဥပဒေမူကြမ်းကို ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသားခေါင်းဆောင်များကိုလည်း ပုဒ်မများစွာဖြင့် တရားစွဲဆိုမှုသည် မဖြစ်သင့်ကြောင်းလည်း ဇေယျာလွင်က မီဒီယာများကို ပြောသည်။

“ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့အကြောင်းအရာတွေ၊ ကျွန်တော်တို့ လှုပ်ရှားခဲ့တဲ့ အကြောင်းအရာတွေအပေါ်မှာ ပြန်ပြီးတော့ တရားစွဲမှုတွေဟာ ကျွန်တော့်အထင်ယူဆချက်တွေက ဒီအစိုးရအနေနဲ့ သူ့သက်တမ်း မကုန်ခင်မှာရှိသမျှ အခု အကျဉ်းထောင်ကျနေတဲ့သူတွေကို ပြန်ပြီးတော့ အမှုတွေအများကြီး ပြန်တပ်အောင် လှုံဆော်မှုတွေ လုပ်နေတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှိနေတဲ့ ကာလမှာ ပြန်လွှတ်ပေးဖို့ အားလုံးကတောင်းဆိုနေကြတဲ့အချိန်မှာ ပြန်ပြီးတော့ အရင်ကလုပ်ခဲ့တဲ့ အမှုဟောင်းတွေကို လုပ်ခဲ့သမျှတွေကို ပြန်ပြီးတော့ ပြန်ဖမ်းနေတာက ပြည်သူလူထုရဲ့ တောင်းဆို ချက်တွေကို လျစ်လျူရှုရာ ရောက်ပါတယ်။ ’’ဟု ဇေယျာလွင်က ပြောကြားခဲ့သည်။

ယခု ပန်းပဲတန်းတရားရုံးနှင့် ကျောက်တံတားတရားရုံးတွင် တရားစွဲဆိုခံထားရသော ပုဒ်မ ၅၀၅၀ (ခ) အတွက် တရားစစ်ဆေးနေသော အမှုသည် တရားသူကြီး အပြောင်းအလဲကြောင့် အမှုကို အစမှ ပြန်လည်စစ်ဆေးနေရသည်။ နောက်ရုံးချိန်းကိုလည်း ဇန်နဝါရီလ ၂၆ ရက်တွင် ပြန်လည်ချိန်းဆိုထားကာ တရားလိုပြသက်သေကို စစ်ဆေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly