ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး ဒဏ်ခတ်ပိတ်ဆို့မယ်လို့ ပူတင်ကို ဂျိုး ဘိုင်ဒင် ခြိမ်းခြောက် 

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး ဒဏ်ခတ်ပိတ်ဆို့မယ်လို့ ပူတင်ကို ဂျိုး ဘိုင်ဒင် ခြိမ်းခြောက် 

ဇန်နဝါရီ ၂၆

ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ဗလာဒီမာ ပူတင်ကို ပစ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရေး ဒဏ်ခတ်ပိတ်ဆို့မှု အပါအဝင် ပျက်စီးထိခိုက်မှုရှိမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန်က ရုရှကို အင်္ဂါနေ့မှာသတိပေးလိုက်ပါတယ်။ 

ယူကရိန်းဝန်းကျင်မှာ တပ်စွဲထားတဲ့ ရုရှတိုက်ခိုက်ရေး တပ်အင်အားက စစ်ရေးလေ့ကျင့်မှုအသစ် ပြုလုပ်ချိန်နဲ့ အမေရိကန်က ယူကရိန်းဆီ စစ်ရေးအကူအညီတွေ ပေးပို့နေတဲ့အချိန်မှာ အခုလို သတိပေးလာတာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းကို ရုရှကျူးကျော်မယ့် ဘေးအန္တရာယ်ဟာ ‘ဖြစ်အံ့ဆဲဆဲ ရှိနေဆဲ’ ပဲလို့ အိမ်ဖြူတော်က ပြောဆိုလာတာကြောင့်လည်း တင်းမာမှုတွေ အရှိန်မြင့်တက်နေဟန် ရှိနေပါတယ်။ 

ရုရှရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ ‘အလွန်ကြီးမားတဲ့ အကျိုးဆက်တွေ’ နဲ့ ‘ကမ္ဘာကြီးတောင် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်’ လို့ သတိပေးရင်း ပူတင်ကို တိုက်ခိုက်ဒဏ်ခတ်ပိတ်ဆို့ဖို့ကိုလည်း စဉ်းစားသွားမှာ ဖြစ်တယ်လို့ ဂျိုး ဘိုင်ဒင်က ပြောဆိုပါတယ်။ 

ပူတင်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မလားဆိုပြီး ဝါရှင်တန်မှာ သတင်းထောက်တစ်ဦးရဲ့ အမေးကို “ဟုတ်ပါတယ်၊ ကျွန်တော် ဒါကို စဉ်းစားသွားမှာပါ”ဆိုပြီး ဂျိုး ဘိုင်ဒင်က ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ပူတင်ဟာ မြောက်မြားစွာသော လျှို့ဝှက်စည်းစိမ်တွေ ပိုင်ဆိုင်ထားတယ်ဆိုပြီး အတိုက်အခံတွေက ရေရှည်စွပ်စွဲထားတာပဲ ဖြစ်ပါတယ်။ 

ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှကျူးကျော်ပြီးနောက် ၂၀၁၄ မှာ ချမှတ်ခဲ့တဲ့ အရေးယူမှုတွေထက် ပိုပြီး “ကြီးမားတဲ့ အကျိုးဆက်တွေ” ရှိမယ့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်သွားမယ်ဆိုပြီးလည်း အမေရိကန် အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

အသစ် ချမှတ်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ လူလုပ်အသိဉာဏ်၊ ကွန်တန်ကွန်ပျူတာနဲ့ လေယာဉ်တည်ဆောက်ရေး ကဏ္ဍတွေက အဆင့်မြင့်နည်းပညာ အမေရိကန် ပစ္စည်းတွေ တင်ပို့တာကို ကန့်သတ်သွားတာလည်း ပါဝင်မှာ ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ 

အခုလို အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကလည်း ထပ်တူပြုပြီး “ကျွန်တော်တို့ ချမှတ်ထားသမျှ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အကြီးမားဆုံး ဖြစ်လိမ့်မယ်” ဆိုပြီး ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required