အင်ဒိုနီးရှား နိုက်ကလပ်မှာ ရန်ပွဲဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူ ၁၉ ဦး သေဆုံး

အင်ဒိုနီးရှား နိုက်ကလပ်မှာ ရန်ပွဲဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူ ၁၉ ဦး သေဆုံး

ဇန်နဝါရီ ၂၆

အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ်မှာ ရှိတဲ့ နိုက်ကလပ်တစ်ခုမှာ အုပ်စုအဖွဲ့ နှစ်ခုအကြား ပဋိပက္ခရန်ပွဲတစ်ခုအတွင်း အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ အများစုကတော့ ရန်ပွဲဖြစ်ပြီး နိုက်ကလပ်ထဲ မီးလောင်မှုဖြစ်ပြီးနောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆိုရွန်းမြို့က Double O နိုက်ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ယင်းဖြစ်စဉ်မှာ လူတစ်ဦးက ဓားထိုးခံရလို့ သေဆုံးခဲ့ပြီး ကျန် ၁၈ ဦးကတော့ နိုက်ကလပ်မီးလောင်မှုအတွင်း သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

"ဒီ ရန်ပွဲက တနင်္လာနေ့ညပိုင်း ၁၁ နာရီလောက်က ဖြစ်ခဲ့တာပါ၊ အဲဒီမတိုင်မီ စနေနေ့က ဖြစ်ထားခဲ့တဲ့ ရန်ပွဲတစ်ခုကနေ ဆက်ဖြစ်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပါတယ်" လို့ ဆိုရွန်း ရဲတပ်ဖွဲ့အကြီးအကဲ အရီ အန်ယိုတို ဆီတီယာဝမ်က ပြောပါတယ်။

လူမျိုးစု အုပ်စုနှစ်စုအကြား ဖြစ်ခဲ့တဲ့ ဒီ ရန်ပွဲမှာတော့ ဓားတွေ၊ မြှားတွေ ၊ မီးပုလင်းတွေ အသုံးပြုခဲ့ကြတယ်လို့ အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာမက်ဒ် ရာမက်ဒ်ဟန်က ပြောပါတယ်။

"နောက်ထပ် ပဋိပက္ခရန်ပွဲတွေ ထပ်မဖြစ်စေအောင် တားဆီးနိုင်ဖို့အတွက် အနောက် ပါပူအာ ရဲဌာနအနေနဲ့ ဘာသာရေးနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ချက်ချင်း ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဒီ ရန်ပွဲရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ မီးလောင်မှု ဘယ်ကနေ စဖြစ်ခဲ့သလဲဆိုတဲ့ အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က စုံစမ်းစစ်ဆေးနေတယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly