အိန္ဒိယပြည်ပရေးရာဝန်ကြီး အီးယူတာဝန်ရှိသူများနှင့် အာဖဂန်၊ မြန်မာအရေးတို့ကို ဆွေးနွေး

By The India Today
25 January 2022
အိန္ဒိယပြည်ပရေးရာဝန်ကြီး အီးယူတာဝန်ရှိသူများနှင့် အာဖဂန်၊ မြန်မာအရေးတို့ကို ဆွေးနွေး

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် ဇန်နဝါရီ ၁၇ ရက်က ဥရောပသမဂ္ဂ (အီးယူ) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိုယ်စားလှယ် ဂျိုးဇက်ဘော်ရယ်ဖွန်နှင့် တွေ့ဆုံကာ အာဖဂန်နစ္စန်နှင့် မြန်မာအပါအဝင် ကမ္ဘာ့အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ဂျိုင်ရှန်ကာသည် ဟန်ဂေရီနှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

“ဂျိုးဇက်ဘော်ရယ်ဖွန်နှင့် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် နွေးထွေးစွာ ဆွေးနွေးခဲ့ရာတွင် အိန္ဒိယနှင့် ဥရောသမဂ္ဂတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရာသီဥတု ပြောင်းလဲခြင်းအပေါ် ဆောင်ရွက်ရေး၊ မဟာဗျူဟာလုပ်ငန်းရပ်များကို ဆွေးနွေးခဲ့သည်” ဟု တွေ့ဆုံပွဲအပြီးတွင် ဂျိုင်ရှန်ကာက ပြောကြားသည်။

“ကမ္ဘာပေါ်က အရေးကြီးတဲ့အကြောင်းအရာတွေ အထူးသဖြင့် အာဖဂန်နစ္စတန်နဲ့ မြန်နိုင်ငံကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို့နှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဂျိုင်ရှန်ကာက အခြားတွစ်တာတစ်ခုတွင် ရေးသားထားသည်။

“ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ရွှေ့ပြောင်းသွားလာမှုနဲ့ ကျန်းမာရေးကိစ္စရပ်တေကို ဆွေးနွေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အရှိန်ရခဲ့တဲ့ အခြေအနေကောင်းတွေ ဆက်ပြီး တိုးတက်သွားဖို့ရှိပါတယ်” ဟု ဂျိုင်ရှန်ကာက ပြောကြားသည်။

ဂျိုင်ရှန်ကာ၏ အခြားတွစ်တာတစ်ခုတွင်လည်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အင်လင်ဒေးနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။

“နှစ်နိုင်ငံဆက်ဆံရေးက ပုံမှန်တိုးတက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကလည်း “အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဂျိုင်ရှန်ကာနဲ့ ဆွေးနွေးမှု အဆင်ပြေပါတယ်။ ဆွီဒင်နှင့် အိန္ဒိယတို့အကြား အလွန်နီးကပ်ပြီး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရေးဖို့ အတည်ပြုနိုင်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှု ပြဿနာအပါအဝင် အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly