တိဗက်ဒေသ၌ တရုတ်ဖြိုခွင်းမှုကရှီကျင့်ဖျင်၏ တာလီဘန်မူဝါဒသစ်ကို ဖော်ပြနေ

တိဗက်ဒေသ၌ တရုတ်ဖြိုခွင်းမှုကရှီကျင့်ဖျင်၏ တာလီဘန်မူဝါဒသစ်ကို ဖော်ပြနေ

တိဗက်၌ ဘာသာရေးသင်္ကေတများ၊ ကျင့်သုံးသူများနှင့် ဘာသာစကားတို့ကို ဆန့်ကျင်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏လှုပ်ရှားမှုသည် ယနေ့ခေတ်တရုတ်နိုင်ငံတွင် ကွန်မြူနစ်တာလီဘန်များ ပေါ်ပေါက်လာခြင်းကို ထင်ဟပ်ပြသနေသည်ဟု စီချွမ်ပြည်နယ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ဖြိုချခံရမှုအား ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန် ဘာမီယန်ရှိ သမိုင်းဝင်ရုပ်ပွားတော်များ ဖျက်ဆီးခံရမှုနှင့် နှိုင်းယှဉ်သုံးသပ်ပြသည့် လေ့လာသူ ဗီဂျေးခရာတီကပြောသည်။

တိဗက်ရှိ တရုတ်အာဏာပိုင်များသည် တရုတ်ဆိုရှယ်လစ်စရိုက်လက္ခဏာရှိသော တိဘက်ဗုဒ္ဓဘာသာကို တိဗက်ပြည်တွင်း၌ အရှိန်ရစေအောင်လုပ်သည့် သမ္မတရှီကျင့်ဖျင်၏ အယူအဆကို တာလီဘန်စိတ်ဓာတ်နှင့်တူကြောင်းပြသနေသည်ဟုခရာတီက ဆောင်းပါးတစ်ပုဒ်တွင် မှတ်ချက်ပြုခဲ့သည်။

လွန်ခဲ့သည့်လအတွင်းက ဒေသတွင်းတိဗက်လူမျိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ တည်ထောင်ထားသည့် စာသင်ကျောင်းအားလုံးကို အစိုးရ၏ တစ်ချက်လွှတ်အမိန့်ဖြင့် ဖြိုချကာ ပိတ်ပစ်ခဲ့ကြောင်း ခရာတီက ပြောသည်။

"ပုံမှန်ကျောင်းချိန်တွေပြီးရင် တိဗက်ကလေးတွေကို တိဗက်ဘာသာစကားသင်ပေးဖို့ ဒီကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်ထားတာပါ။ တရုတ်အစိုးရရဲ့ ညွှန်ကြားမှုအောက်မှာ တိဗက်ကျောင်းသားတွေအားလုံးဟာ တစ်ခုတည်းသော သင်ကြားရေးကြားခံဘာသာစကားအဖြစ် အခု တရုတ်မန်ဒရင်းဘာသာနဲ့ လေ့လာသင်ယူနေရပါတယ်” ဟု ခရာတီက ရေးသားထားသည်။

ဆောင်းပါးအရ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်တွင် စီချွမ်ပြည်နယ်ရှိ တိဗက်လူများစုနေထိုင်သော ဒရာဂိုကောင်တီတွင် စစ်အင်အား အများအပြားချထားခဲ့ပြီး ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များက ဉာဏ်တော် ၉၉ ပေမြင့်သော ဗုဒ္ဓရုပ်ပွားတော်နှင့် ဆုတောင်းဘီးကြီး ၄၅ ခုကို ဖြိုချမှု စတင်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

၃ ပတ်ခန့်အကြာ ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် တရုတ်အာဏာပိုင်များက အခြားသော အလားတူရုပ်ပွားတော်ကို ဖြိုချခဲ့ကြောင်း ဗီဂျေးခရာတီကပြောသည်။

ထိုသို့ဖြိုချဖျက်ဆီးမှုကို ဆန့်ကျင်သော ဘုန်းကြီးနှင့်တိဗက်ပြည်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးမှုနှင့်ပတ်သက်၍ တိဗက်ဒေသမှသတင်းများကိုလည်း ပုံမှန်ကြားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly