ဩစတြီးယားမှ တိဗက်လူမျိုးများက ပေကျင်းအိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် တောင်းဆို

ဩစတြီးယားမှ တိဗက်လူမျိုးများက ပေကျင်းအိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် တောင်းဆို

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၂ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရန် သြစတြီးယားနိုင်ငံရှိ SaveTibet အဖွဲ့အစည်းက ဇန်နဝါရီ ၂၁ ရက်က စုဝေး တောင်းဆိုခဲ့ကြသည်။

သြစတြီးယားရှိ တိဗက်အသိုက်အဝန်းနှင့် ဝီဂါအသင်းတို့က ပံ့ပိုးပေးခဲ့ကာ အဆိုပါ ဆန္ဒပြစုဝေးပွဲတွင် တိဗက်နှင့် ဝီဂါလူမျိုး ၃၀-၄၀ ဦးခန့် ပါဝင်ခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက“တိဗက်မှာ ယဉ်ကျေးမှုမျိုးတုံးသုတ်သင်မှုတွေ ရပ်၊ တိဗက်ကို တိဗက်လူမျိုးတွေပိုင်တယ်၊ # ပေကျင်း ၂၀၂၂ အလိုမရှိ၊ # အိုလံပစ်ပွဲ ကတိသစ္စာအလိုမရှိ ” ဟုရေးသားထားသော စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြပွဲ၌ တရုတ်နိုင်ငံတွင် နှစ်အတန်ကြာ အကျဉ်းချခံခဲ့ရသော တိဗက်ရုပ်ရှင်ဒါရိုက်တာ ဒွန်ဒက်ဝမ်ချန်က ပေကျင်းအိုလံပစ်ပွဲတော်ကို သံတမန်ရေးအရ သပိတ်မှောက်မှုတွင် ပါဝင်ခြင်းမရှိသည့် ဩစတြီးယားအစိုးရကို ဝေဖန်ခဲ့သည်။

ဆန္ဒပြပွဲအတွင်း၌ သြစတြီးယားရှိ တိဗက်အသိုက်အဝန်းသည် တိဗက်လူမျိုးများအပေါ် တရုတ်ကွန်မြူနစ်ပါတီက ရက်စက်ကြမ်းကြုတ်မှုကျူးလွန်ပုံကို သရုပ်ဖော်ခဲ့ကြသည်။

တရုတ်အစိုးရသည် အိုလံပစ်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးစွမ်းဆောင်မှုမြှင့်တင်မည်ဟူသော ကတိကဝတ်များဖြင့် ၂၀၀၈ ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့သော် ကတိကဝတ်များကို ဘယ်သောအခါမျှ မတည်ခဲ့ဘဲ တိဗက်တွင် လူ့အခွင့်အရေးအခြေအနေ ဆက်လက်ဆိုးရွားနေခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရှီကျင့်ဖျင်သည် တရုတ်သမ္မတဖြစ်လာပြီးနောက် တိဗက်နှင့်ပတ်သက်၍ ပြင်းထန်သောမူဝါဒကို ကျင့်သုံးခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းများ အကြိမ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ပေကျင်း၌ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လာမည့်လတွင် ကျင်းပရန် စီစဉ်ထားပြီး အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် လစ်သူယေးနီးယားတို့က အားကစားပွဲများကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required