ပါကစ္စတန်အတိုက်အခံပါတီများသည် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ် တင်ရန် စဉ်းစားချိန်ဆရင်း အာဏာရအစိုးရအပေါ် ဆန့်ကျင်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်လာခဲ့သည်။
ဝန်ကြီးချုပ် အီမရန် ခန်းအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ် တင်ရန် နည်းလမ်းနှင့်ပတ်သက်ပြီး လေ့လာကြည့်ရှုဆုံးဖြတ်ရန်လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် အစိုးရ အတိုက်အခံမဟာမိတ်အုပ်စု အကြီးတန်းခေါင်းဆောင်များ၏ အစည်းအဝေးတစ်ခုကို ကျင်းပမည် ဖြစ်ကြောင်း ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM) အကြီးအကဲ မော်လာနာ ဖက်ဇ်လာ ရာမန်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောဆိုခဲ့သည်ဟု News International က ဖော်ပြသည်။
"အစိုးရဆန့်ကျင်တဲ့ မဟာမိတ် ပါတီတွေအနေနဲ့ လက်ရှိအစိုးရကို အမြန်ဆုံး ဖြုတ်ချထုတ်ပယ်ဖို့အတွက် ရွေးချယ်စရာနည်းလမ်းတွေကို စဉ်းစားနေကြပါတယ်" ဟု ရာမန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပါကစ္စတန်အမျိုးသားလွှတ်တော်ရှိ အတိုက်အခံအုပ်စုခေါင်းဆောင် ရှီဘတ် ရှာရစ်ဖ်လည်း ရာမန်နှင့်အတူ ရှိနေခဲ့သည်။
"အစိုးရရဲ့ ညွှန့်ပေါင်းအုပ်စု ပါတီတွေကိုလည်း ပါကစ္စတန်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ပြည်သူတွေအတွက် စဉ်းစားပေးဖို့ ကျွန်တော်တို့ဘက်က ပန်ကြားပါတယ်" ဟု ရာမန်က ပြောခဲ့သည်။
ထို့ပြင် အစိုးရကို ဆန့်ကျင်ကြောင်း ပြသရန် ခရီးရှည် လမ်းလျှောက်ဆန္ဒပြမည့် အစီအစဉ်တစ်ခု ရှိနေပြီး အဆိုပါ ကြေညာထားသည့် အစီအစဉ်ကို မလွဲမရှောင်သာ လုပ်ဆောင်ရရန် ရှိနေကြောင်း Jamiat Ulema-e Islam ပါတီ၏ အကြီးအကဲလည်း ဖြစ်သည့် ရာမန်က ပြောသည်။
ပါကစ္စတန် တေရက်-အီ-အင်ဆက် ပါတီ ဦးဆောင်သော အစိုးရကို ဖြုတ်ချရန် PDM သည် မတ်လ ၂၃ ရက်တွင် မြို့တော်သို့ ချီတက်မည်ဖြစ်ကြောင်း Jamiat Ulema-e Islam အကြီးအကဲက ပြောသည်။
ဇန်နဝါရီ ၂၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ပါတီစုံအစည်းအဝေးတစ်ခုအတွင်း အဆိုပါ ခရီးရှည် လမ်းလျှောက်ချီတက်မှု အစီအစဉ်ကို အပြီးသတ်စီစဉ်ဆုံးဖြတ်မည်ဟု ၎င်းက ပြောခဲ့သည်။
"အစိုးရဟာ သာမန်ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို နားလည်သဘောမပေါက်ဘဲ ဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။
"ဝန်ကြီးချုပ် အီမရန် ခန်း နဲ့ သူ့အစိုးရဘက်က လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံကို ကိုလိုနီအဖြစ် ပြန်လည်သိမ်းပိုက်အုပ်ချုပ်တာမျိုးကို ကျွန်တော်တို့ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသွားခဲ့သည်။