ပြည်ပရောက် ပါကစ္စတန်တက်ကြွလှုပ်ရှားသူအား ကြေးစားဖြင့်သတ်မည့်အစီအစဉ်ကို ဗြိတိန်တွင် ဖော်ထုတ်တွေ့ရှိ

By Latestly
23 January 2022
ပြည်ပရောက် ပါကစ္စတန်တက်ကြွလှုပ်ရှားသူအား ကြေးစားဖြင့်သတ်မည့်အစီအစဉ်ကို ဗြိတိန်တွင် ဖော်ထုတ်တွေ့ရှိ

ပြည်ပ၌ ရောက်ရှိနေထိုင်လျက်ရှိသည့် ပါကစ္စတန်တက်ကြွလှုပ်ရှားသူတစ်ဦးကို သတ်ဖြတ်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သည့်ကိစ္စကို ဗြိတိန်တရားရုံးတစ်ခု၏ ကြားနာစစ်ဆေးမှုတစ်ခုအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

ဗြိတိန်တွင် နေထိုင်သော ပါကစ္စတန်နွယ်ဖွားတစ်ဦးဖြစ်သည့် အသက် ၃၁ နှစ်ရှိ ဂိုဟီအာ ခန်း ဆိုသူကို တရားရုံး၌ အမှုစစ်ဆေးကြားနာခဲ့စဉ် ပါကစ္စတန်ပြည်ပရောက် ဘလော့ဂါနှင့် တက်ကြွလှုပ်ရှားသူ အာမက်ဒ် ဝါကက်စ် ဂိုရာယာအား သတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်ခဲ့မှုကို ဖော်ထုတ်သိရှိခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီ ၁၃ ရက်က Kingston-upon-Thames မြို့ ရာဇဝတ်တရားရုံး၌ ကြားနာ စစ်ဆေးမှုအတွင်း နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင် အခြေချနေထိုင်သည့် ပါကစ္စတန်လူမျိုးတစ်ဦးဖြစ်သော ဂိုရာယာကို သတ်ရန် အစီအစဉ် အသေးစိတ်ကို စုံစမ်းသိရှိလိုက်ခြင်းဖြစ်သည်။

ဂိုရာယာကို သတ်ဖြတ်ရန် ပါကစ္စတန်၌ နေထိုင်သူများဟု ယူဆရသည့် လူပုဂ္ဂိုလ်တချို့က ခန်းကို ငွေပေးပြီး ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခန်းကို ငှားရမ်းခဲ့ချိန် လူသတ်ခအတွက် စတာလင်ပေါင် ၁,၀၀,၀၀၀ အထိ ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအချိန်က တရားခံဖြစ်သူ ခန်းသည် အကြွေးတင်နေပြီး ၎င်း၏ အကြွေးရှင်များကို ပြန်ဆပ်နိုင်မည့်ပုံ မပေါ်သည့် အခြေအနေတွင် ရှိနေခဲ့သည်ဟု တရားလိုဘက်က ပြောခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ခန်းသည် ရော့တာဒမ်သို့ သွားခဲ့ပြီး ၎င်း သတ်ရမည့်သူဖြစ်သည့် ဂိုရာယာ၏ တည်နေရာကို ရှာရန် ကြိုးပမ်းခဲ့ကြောင်းနှင့် လူသတ်ရာတွင် အသုံးပြုရန် ဓားတလက်ပင် ဝယ်ယူခဲ့သေးကြောင်း တရားလိုဘက်က အသေးစိတ် ထုတ်ဖော်ခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြသည်။

ယင်းနောက် ဂိုရာယာ ရှိရာနေရာကို ရှာတွေ့ရန် ရက်အနည်းငယ်ကြာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်နောက် ခန်းသည် လက်လျှော့ပြီး ဗြိတိန်သို့ ပြန်လာခဲ့ရာ ၎င်းပြန်ရောက်လာချိန်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း တရားလိုဘက်က ပြောခဲ့သည်။

ဂိုရာယာသည် ပါကစ္စတန်ကနေ ထွက်ခွာပြီး ပြည်ပ၌ အခြေချနေထိုင်နေသည့် တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်သလို ဘလော့ဂါတစ်ဦးလည်း ဖြစ်သည်။ ၎င်းနှင့် အခြား ဘလော့ဂါ ငါးဦးတို့သည် ၂၀၁၇ ခုနှစ်က အစ္စလမ်မာဘတ်၌ ပြန်ပေးဆွဲခံခဲ့ရသေးပြီး ယင်းနောက် ပြန်လည်လွတ်မြောက်ထားခဲ့ကြကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly