ယူကရိန်းအစိုးရကို ရုရှားလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးနိုင်ဖို့ မော်စကိုဘက်က ကြိုးစားနေဟု ဗြိတိန် စွပ်စွဲ

ယူကရိန်းအစိုးရကို ရုရှားလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးနိုင်ဖို့ မော်စကိုဘက်က ကြိုးစားနေဟု ဗြိတိန် စွပ်စွဲ
Ukrainian soldiers train with US anti-tank missile near frontline (Photo - AFP)

ဇန်နဝါရီ ၂၃

ယူကရိန်းနိုင်ငံရဲ့ လက်ရှိအစိုးရကို မော်စကိုဘက်လိုလားထောက်ခံတဲ့ အစိုးရတစ်ရပ်နဲ့ အစားထိုးနိုင်ဖို့ ရုရှားဘက်က ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့  ဗြိတိန်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားဘက်က ကျူးကျော်ဝင်ရောက်နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ခုလို ဗြိတိန်ရဲ့ ပြောကြားချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နယ်စပ်နားမှာ ရုရှားဘက်က တပ်ဖွဲ့ဝင်အင်အား သိန်းချီအပြင် တင့်ကားတွေ၊ တိုက်ခိုက်ရေးယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အမြှောက်တွေ ချထားမှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တင်းမာမှုတွေဟာ မြင့်တက်နေခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရေးသမားဟောင်းအချို့ဟာ ရုရှားထောက်လှမ်းရေးပိုင်းနဲ့ အဆက်အသွယ်တွေရှိထားပြီး ယူကရိန်းလွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ယက်ဗ်ဂျန် မူရာယက်ဗ်ကို ဖြစ်နိုင်ခြေ ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ဖို့ စဉ်းစားထားမှုတွေ ရှိတယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားတယ်လို့ ဗြိတိန်က ပြောပါတယ်။

ရုရှား ထောက်လှမ်းရေး အရာရှိတွေနဲ့ အဆက်အသွယ်ရှိသူတွေအနက် တချို့ဟာ "လက်ရှိမှာ ယူကရိန်းကို တိုက်ခိုက်မှုတစ်ခုလုပ်ဖို့အတွက် စီစဉ်ရာမှာ ပါဝင်ပတ်သက်ထား" ခဲ့ကြကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ချက်တစ်စောင်မှာ ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်အထောက်အထားတွေကိုတော့ ယင်းက မထုတ်ဖော်ခဲ့ပါဘူး။ ယင်းအခြေအနေဟာ "အင်မတန် စိုးရိမ်စရာကောင်း" တယ်လို့ အမေရိကန် အရာရှိတစ်ဦးကလည်း ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ ဒီလို ပြောဆိုချက်တွေဟာ "လုပ်ကြံဖန်တီးမှု" တွေသာဖြစ်တယ်လို့ ရုရှားက တုံ့ပြန်ပြောဆိုခဲ့ပြီး ဗြိတိန်အနေနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ဖြန့်နေတာတွေ ရပ်ဖို့ ရုရှားက တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်ရဲ့ ယခုလို စွပ်စွဲချက်တွေမတိုင်မီ ပြီးခဲ့တဲ့အပတ်ထဲမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လက်ဗ်ရော့ တို့ အပါအဝင် ဝါရှင်တန်နဲ့ မော်စကိုအကြား ထိပ်တန်းသံတမန်တွေအကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး တင်းမာမှုတွေ လျော့စဲရေးအတွက် ဆက်လုပ်သွားကြဖို့ သဘောတူထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly