ကသာမြောက်ပိုင်းတွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကသာမြောက်ပိုင်းတွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၂၂ ရက်

ကသာ မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များက ဇန္နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၅ မိနစ်ကျော်ကြာအောင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

စစ်ကိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အဲနားအုပ်စု၊ ကျွန်းပင်ကျေးရွာ အနောက်ဘက်လယ်ကွင်းထဲ မွန်းလွဲပိုင်း ၃ နာရီခွဲ အချိန်ခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ကသာမြို့၊ ကောင်ယံ တွင်  ဂျက်တိုက်လေယာဉ် နှစ်စီး ပျံသန်းနေသည်ကို စတွေ့ရပြီး တစ်စီးက မြို့ပေါ်ကို နှစ်ပတ်ခန့် ဝဲပျံနေသဖြင့် ပြည်သူများက ထိတ်လန့်ကာ ပြေးလွားပုန်းအောင်းနေခဲ့ကြသည်ဟု ဒေသခံအချို့က ပြောသည်။

“မြို့ပေါ်မှာ လာဝဲနေကတည်းက တစ်နေရာရာကို တိုက်မှာပဲဆိုတာတွေးမိတယ်။ နောက်တော့ ကျွန်းပင်ရွာ လယ်ကွင်းထဲကို ဗုံးကျသွားတယ်ကြားမှ လူထိခိုက်မှုမရှိဘူးကြားမှ စိတ်အေးသွားတယ်“ ဟု အသက် ၅၀ အရွယ် ကောင်ယံက ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်ကောင်စီ၏ လေယာဉ်တစ်စီးသည် ကသာမြောက်ဘက် မိုးတာဘက်ကို တက်သွားပြီး ကျွန်းပင်ကျေးရွာတွင် ဗုံးကြဲချကာ တစ်စီးသည် ကသာ တောင်ဘက် ထီးချိုင့်ဘက်သို့ ဆင်းသွားသည်ဟု သိရသည်။ 

ဤတိုက်ခိုက်မှုမှာ ယင်းဒေသကို တပတ်အတွင်း သုံး ကြိမ် တိုက်ခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၂ ရက်နေ့၊ မွန်းလွှဲ ၁ နာရီ အချိန်ခန့်ကလည်း မိုးတာကြီးကျေးရွာတွင် တစ်ကြိမ်၊ ၁၈ ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲ အချိန်ခန့်က မှတ်တိုင်ကျေးရွာတွင် တစ်ကြိမ် နှင့် ယခု ဇန္နဝါရီလ ၂၁ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း သုံးအကြိမ် လေကြောင်းကနေ  တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် မိုးတာကြီးတွင် ကလေး နှစ် ဦး၊ လူကြီး ၃ ဦး၊ မှတ်တိုင်ရွာတွင် လူကြီး တစ် ဦး၊ ကလေး တစ် ဦး စုစုပေါင်း ခုနှစ်ဦးခန့် ထိခိုက်ဒဏ်ရာရှိသည်ဟု စုံစမ်းသိရသည်။

ယခုလေကြောင်းမှ တိုက်ခိုက်ခံရသည့် ရွာများသည် တစ်ရွာနှင့်တစ်ရွာ သုံး မိုင်ခန့်သာ ကွာဝေးပြီး တဆက်တည်း ရှိနေသည့် ကျေးရွာများ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ၊ ကျွန်းလှမြို့နယ် လေကြောင်းတိုက်ခိုက်မှု ကတည်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် နှင့် အထက်ဟာ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မူကို ခံနေရခြင်းဖြစ်သည်ဟု သိရသည်။ 

ဝန်သို၊ ကောလင်း၊ ပင်လည်ဘူး၊ ကျွန်းလှ၊ ကနီ၊ မင်းကင်း၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကလေး၊ ပုလဲ၊ ယင်းမာပင်မြို့နယ်များတွင် ဒေသခံပြည်သူများ၏ ခုခံတော်လှန်မှုကြောင့် မြေပြင်စစ်ဆင်းရေးများတွင် စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများလာချိန်၊ စစ်ကောင်စီက လေကြောင်းမှ စစ်ဆင် တိုက်ခိုက် နေခြင်းလည်း ဖြစ်သည်။

ယခုနောက်ပိုင်း စစ်ကိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်များလည်း ရှိနေပြီဖြစ်ပြီး လူဦးရေအားဖြင့် သောင်း ကြီးပိုင်း အထိ ရှိနေသည်ဟုလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required