ဟရန်းဇင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရဟုဆို

ဟရန်းဇင် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရဟုဆို

ဇန်နဝါရီလ ၂၁ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟရန်းဇင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဇိုမီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Zomi PDF က ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် ဟရန်းဇင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ကလေးမြို့နှင့် ချင်းပြည်နယ် ဆက်သွယ်ထားသည့် ကလေး - သိုင်းငင်းလမ်း အတိုင်း တက်လာပြီး ဟရန်းဇင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်သား နှစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ကြောင်းဆိုသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဟရန်းဇင် ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဉီး သေဆုံးခဲ့ကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၁ ရက် ယနေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်တွင်  စစ်ကောင်စီအဖွဲ့က ကနေဒီ တောင်ထိပ်ရှိ တပ်စခန်းသို့ တပ်သားနှင့် ပစ္စည်းအချို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ဖလမ်းမြို့နယ်မှ တီးတိန်သို့ ဉီးတည်နေသော စစ်ကောင်စီတပ် အင်အား ၁၈၀ ကျော်အား CNDF တပ်ဖွဲ့က ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ယခု ရှေ့ဆက်မတိုးနိုင်ဘဲ လမ်းခုလပ် လုံဘန်း ကျေးရွာထိပ်တွင် တပ်စွဲထားကြာင်း PDF Zoland က ထုတ်ပြန်ထားသည်။

Zomi PDF သည် ကလေးနှင့် ချင်းပြည်နယ်ရှိ CDM Siyin ၊ PDF Zoland ၊ CNA ၊  Kalay PDF ၊ PDA ၊ Zongam Army ၊ CDF KKG တို့နှင့် လက်တွဲ၍ ပူးပေါင်း စစ်ဆင်လျက်ရှိကြောင်း ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required