မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင်များအတွက် စခန်းဖွင့်လှစ်

မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင်များအတွက် စခန်းဖွင့်လှစ်

ဇန်နဝါရီလ ၂၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လုံးလေမြို့နယ် အတွင်း မြန်မာ စစ်ဘေးရှောင်များ အတွက် စခန်းတစ်ခုအား ဒေသန္တရ အာဏာပိုင်များက ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ Camp ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပေမယ့် အခုလို လူတွေ ရောက်လာတဲ့ အခါကြတာ့ အမြန် အရေးပေါ် ဖွင့်လှစ်ဖို့ လုပ်ဆောင်ခဲ့ရတာပါ” ဟု လုံးလေမြို့ အခြေစိုက် မြန်မာဒုက္ခသည်များ ကော်မတီ အတွင်းရေးမှူး ဆလိုင်းချာလီက ပြောသည်။

ယခု ဖွင့်လှစ်လိုက်သည့် ဒုက္ခသည် စခန်းသည် လုံလေမြို့မှ ၁၂ ကီလိုမီတာခန့် ကွာဝေးသည့် ထိုင်ဇောလ် ကျေးရွာအနီးတွင် တည်ရှိပြီး စခန်းတွင် လူဉီးရေ ၅၀၀ ကျော်ရှိကာ ကလေးနှင့် အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း ဆိုသည်။

စခန်းတွင် ချင်းပြည်နယ် မတူပီမြို့နယ်မှ ရောက်လာသည့် စစ်ဘေးရှောင် အများစု နေထိုင်ပြီး အနီးရှိ ကျေးရွာများ၊ လုံးလေမြို့မှ စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များက စားသောက်ကုန်နှင့် လူမှု အသုံးအဆောင်များ ဝိုင်းဝန်း ကူညီပေးကြောင်း ပြောသည်။

စခန်းအတွင်း နေထိုင်သူများကို Covid-19 ကာကွယ်ဆေး ထိုးပေးရန် စီစဉ်လျက်ရှိပြီး  စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ် လိုအပ်ကြောင်း စစ်ဘေးရှောင်ဦးရေ တိုးပွားလျက် ရှိသောကြောင့် စခန်းသစ်များ လိုအပ်နေကြောင်း ဆိုသည်။

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ကစဲ ၊ သီဘော် ၊ ငလိုင် ၊ ခွာငန်း ၊ ကီလှုန်း အပါအဝင် ရွာခုနှစ်ရွာနှင့် တကွ အခြား ရွာပေါင်း ၃၀ ကျော်မှ လူဦးရေ ၄၀၀၀ နီးပါး စစ်ဘေးရှောင် နေရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required