ထိုင်းတွင် ယာဉ်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံး

ထိုင်းတွင် ယာဉ်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံး

ဇန်နဝါရီ ၂၁

ထိုင်းနိုင်ငံ ဆိုင်ယော့ ခရိုင်တွင် ဇန်နဝါရီ ၂၀ ရက် ညပိုင်းက မြန်မာနိုင်ငံသားအချို့ လိုက်ပါစီးနင်းလာသည့် ပစ်ကပ်ထရပ်ကားတစ်စီးက ၁၀ ဘီးကားကြီးတစ်စီးကို နောက်ကနေ ဝင်တိုက်ခဲ့မှုကြောင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး အခြား ခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထို ယာဉ်တိုက်မှုက ဆိုင်ယော့-တောင်ဖာဖမ် လမ်းကြောင်းရှိ ၃၂၃ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက် ည ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ပစ်ကပ်ကားသည် ကန်ချနဘူရီလိုင်စင်နံပါတ်ပြား ရှိနေပြီး ရဲများနှင့် ကယ်ဆယ်ရေးသမားများ ယင်းနေရာသို့ ရောက်သွားချိန်တွင် ယင်းကားကို တိမ်းမှောက်လျက်သား တွေ့ခဲ့ရသည်ဟု ခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူး ကီအာတီဆက် ကာ့ဒ်ချော့ခ်က ပြောသည်။

၁၀ ဘီးကားကြီးသည် ဆမွတ် ဆခွန်း လိုင်စင်နံပါတ်ပြား နှင့်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ကားနောက်ပိုင်းတွင် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

လူသုံးဦးကို လမ်းပေါ်တွင် သေဆုံးလျက်သား တွေ့ရှိခဲ့ပြီး အခြားခုနစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ စတုတ္ထမြောက် သေဆုံးသူကို ယာဉ်အပျက်အစီးအတွင်း ညပ်မိနေသည်ကို တွေ့ခဲ့ရသည်။ အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ပစ်ကပ်ကား ဒရိုင်ဘာ ဖြစ်သည့် အသက် ၄၄ နှစ်အရွယ် ချာနွန် တုန်ဖာဝတ်ချရာ မှာမူ ဒဏ်ရာအနည်းငယ်သာ ရခဲ့ပြီး ၎င်း၏ ပြောဆိုချက်အရ ၎င်းသည် မူအန်းခရိုင်ကနေ တောင်ဖာဖမ်ခရိုင်သို့ မောင်းနှင်လာခဲ့ရာ လမ်းတွင် ကားကြုံလိုက်စီးရန် တားနေသည့် လူအုပ်စုတစ်စုကို တွေ့ခဲ့ကြောင်း ပြောခဲ့သည်။ ကားကိုရပ်ပေးပြီး မေးမြန်းခဲ့ရာတွင် တောင်ဖာဖမ်သို့ သွားမည် ဆိုသဖြင့် ၎င်းတို့ကို တင်ခေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဒရိုင်ဘာဖြစ်သူက ပြောသည်။

ယင်းနောက် တောင်ကုန်းအတက်တစ်ခုတွင် အရှိန်တင်မောင်းခဲ့ရာ ရှေ့တွင် ရှိနေသည့် ထရပ်ကားကြီးကို သတိမပြုမိခဲ့၍ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ရဲများကမူ ၎င်း ယာဉ်ကို အရှိန်နှုန်းမြှင့်ပြီး မဆင်မခြင် မောင်းနှင်ခဲ့လိမ့်မည်ဟု သံသယရှိနေကြသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသက်ရှင်ကျန်ရစ်သူခရီးသည်များကို မေးမြန်းစုံစမ်းသွားမည်ဟု သိရသည်။ ထို့ပြင် ၎င်းဒရိုင်ဘာသည် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံထဲသို့ ကူညီခေါ်သွင်းပေးခဲ့သလား ဆိုသည်ကို စုံစမ်းစစ်ဆေးရေးအရာရှိများက စစ်ဆေးသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly