မြောက်ဥက္ကလာနှင့် ရွှေပေါက်က္ကံမြို့နယ်တွင် ရေမြောင်းကျော်များ ဖျက်သိမ်းရှင်းလင်းနေ

မြောက်ဥက္ကလာနှင့် ရွှေပေါက်က္ကံမြို့နယ်တွင် ရေမြောင်းကျော်များ ဖျက်သိမ်းရှင်းလင်းနေ

ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက္ကံမြို့သစ် အတွင်းရှိ ရပ်ကွက်များတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် နောက်ဆုံးထားပြီး ရေမြောင်းကျော် ဆောက်လုပ်ထားသည့် ဆိုင်ခန်း၊ နေအိမ် တံစက်မိတ်များကို စည်ပင်က ရှင်းလင်း ဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။

''ကျွန်တော်တို့ ရွှေပေါက္ကံထဲမှာတော့ ဒီနေ့မနက်က စည်ပင်က လိုက်စစ်ဆေးနေတယ်။ လမ်းမကြီးတန်းတွေမှာ ဆိုရင်လည်း မြောင်းကျော်ပြီး ဆောက်ထားတဲ့ ဈေးဆိုင်တွေ၊ အိမ်အဖီ အစွယ်တွေ အားလုံးကို ရှင်းခိုင်း နေတယ်။ ဒီနေ့ နောက်ဆုံး သတ်မှတ်ပေးထားတာ။ ဒီနေ့မှ မဖျက်ဘူး ဆိုရင်တော့ နောက်နေ့တွေမှာ စစ်တပ်၊ ရဲတွေခေါ်ပြီး အင်အားသုံး ရှင်းလင်းမယ်လို့ စည်ပင်က ပြောသည်” ဟု ရွှေပေါက္ကံမြို့သစ်နေသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လမ်းမကြီးများ အပါအဝင် လမ်းသွယ်များအတွင်း မြောင်းကျော် ဆောက်ထားသည့် ဆိုင်ခန်း၊ လူနေအိမ်၊ သစ်ပင်နှင့် အလှပန်းအိုး စသည့် မည်သည့် ပစ္စည်းမှ မြောင်းကျော် မထားရှိရန်နှင့် ထားရှိပါက ဇန်နဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထား ရှင်းလင်းရမည်ဟု ရပ်ကွက် ရာအိမ်မှူးများက လိုက်လံ သတိပေးထားကြောင်း သိရသည်။

''စည်ပင်က ကနဉီး လာစစ်ဆေးတယ်၊ ကျွန်တော်တို့ကလည်း အတတ်နိုင်ဆုံး နောက်ဆုတ် ပေးလိုက်တယ်။ ဒါပေမယ့် မြောင်းနဲ့ ဆိုင်အမိုးက ကွက်တိ ဖြစ်နေတယ်။ ဘယ်လိုမှ ရွှေ့လို့ မရတော့ဘူး။ အဲဒါကို စည်ပင်ကလာပြီး မဖျက်ချင်ရင် ၃၀၀၀၀ ပေးပါဆိုလို့ ပေးလိုက်ရတယ်'' ဟု ဆိုင်ရောင်းချသူ တစ်ဦးက ဆိုသည်။

ယခင် ကားလမ်းမကြီး ဘေးရှိ ရေမြောင်းကျော် ဆိုင်ခန်းများ၊ လူနေအိမ်များ၊ လမ်းဘေး ကွမ်းယာဆိုင်များကို စည်ပင်နှင့် ရဲ၊ စစ်တပ် ပါဝင်သည့် အဖွဲ့က လိုက်လံ ဖမ်းဆီးမှုများ ရှိခဲ့ပြီး ယခုအခါ လူနေ ရပ်ကွက်အတွင်းရှိ လမ်းသွယ်များတွင် လိုက်လံ ရှင်းလင်းနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly